သစ္စာလေးပါးနှင့်မဂ္ဂင်ရှစ်ပါးအကျင့်လမ်း
သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို မြတ်စွာဘုရားသည် တရားဦးဓမ္မစကြာသုတ်တော်၌ပင် အပြည့်အစုံဟောပြညွှန်ကြားခဲ့ပါသည်။ ထိုသုတ်တော်ကို လေ့လာခြင်းအားဖြင့် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို နားလည်နိုင်ပါသည်။ တရားဦးဓမ္မစကြာကို မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးပါးတို့အား ဟောကြားတော်မူခဲ့ပါသည်။ ထိုတရားတော်၌ အဓိကနားလည်ရမည့်စကားလုံး (၁၉)လုံးရှိပါသည်။
၁။ ပဗ္ဗဇိတ
….အကျင့်လမ်းသုံးသွယ်…
၂။ ကာမသုခလ္လိကာနုယောဂ
၃။အတ္တကိလမထာနုယောဂ
၄။မဇ္ဈိမပဋိပဒါ
…..သစ္စာလေးပါး…..
၅။ ဒုက္ခအရိယသစ္စာ(ဒုက္ခသစ္စာ)
၆။ဒုက္ခသမုဒယအရိယသစ္စာ(သမုဒယသစ္စာ)
၇။ ဒုက္ခနိရောဓ အရိယသစ္စာ(နိရောဓသစ္စာ)
၈။သမ္မာဒိဋ္ဌိ(မဂ္ဂသစ္စာ)
၉။သမ္မာသင်္ကပ္ပ
၁၀။သမ္မာဝါစာ
၁၁။သမ္မာကမ္မန္တ
၁၂။သမ္မာအာဇီဝ
၁၃။သမ္မာဝါယာမ
၁၄။သမ္မာသတိ
၁၅။သမ္မာသမာဓိ(မဂ္ဂသစ္စာ)
……….ကိစ္စလေးပါး……
၁၆။ပရိညေယျ
၁၇။ ပဟီန
၁၈။သစ္စိကတ
၁၉။ ဘာဝနာ
အခြားသော စကားလုံးတို့မှာ အဓိကစကားလုံးတို့ကို ဝန်းရံပံ့ပိုးပေးသောစကားလုံးတို့ဖြစ်ပါသည်။ အဓိကစကားလုံးတို့ကို ဉာဏ်မီသမျှ နားလည်းသမျှ လေ့လာကြည့်ပါမည်။ဤစကားလုံး (၁၉)လုံးကိုနားလည်လျှင် ဓမ္မစကြာတရားတော်ကို နားလည်ပြီဟုဆိုနိုင်ပါသည်။
၁။ ပဗ္ဗဇိတ(စိတ်လျှော်သူ)
ဓမ္မစကြာတရားတော်သည် ကျင့်စဥ်ပြဒေသနာတော်ဖြစ်၍ သာမန်လောကီသားတို့အတွက် ရည်ရွယ်သည်ဟု မမှတ်ယူသင့်ပါ။ ပဗ္ဗဇိတ ပုဂ္ဂိုလ်တို့ကိုသာ အထူးအားဖြင့်ရည်ရွယ်သော ဒေသနာ ဖြစ်ပါသည်။ ပဗ္ဗဇိတ ပုဒ်ကို ဂယက်အနက်အားဖြင့် ရသေ့ရဟန်းဟုပြန်ဆိုတတ် ကြပါသည်။ ဂယက်အနက်သည် ကျဥ်း၏။ အဘိဓာန်အနက်အားဖြင့် စိတ်အညစ်ကြေးများနှင်ထုတ်သူဟု ဖွင့်ဆိုသည်။ ဤအနက်က ကျယ်ပြန့်သည်။ ဤအလို စိတ်အညစ်ကြေးကင်းလိုသူ အားလုံးကို ပဗ္ဗဇိတ ဟုမှတ်ရမည်။ ရသေ့ရဟန်းဖြစ်ချင်ဖြစ်မည်။ လူဝတ်ကြောင် ဖြစ်ချင်ဖြစ်မည်။ ဘာသာရှိ ဘာသာမဲ့ ဖြစ်ချင်ဖြစ်မည်။လူမျိုး အသားရောင် ဘာသာ အဝတ်ကွဲပြားမှုမရှိ စိတ်အညစ်ကြေးကင်းလိုသူတိုင်း ဤဒေသနာက ဤကျင့်စဥ်တို့ကို ကျင့်ဖို့လိုပါသည်။ အဘိဓာန်အနက်ကိုကြည့်၍ စာရေးသူက ကဗျာအနက်ဖွင့်ဆိုမိသည်။ “”စိတ်လျှော်သူ””ဟူ၍…….။ ။
၂။ကာမသုခလ္လိကာနုယောဂ(ခံစားအကျင့်)
ကာမချမ်းသာ ခံစားမှုကို ကာမသုခလ္လိကာနုယောဂ ဟုဆိုပါသည်။ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဟူ၍ အာရုံကိုဖမ်းယူပေးတတ်သော ဒွါရခြောက်ခုရှိပါသည်။ ထိုဒွါရတို့အကြိုက် အလိုလိုက်ပျော်ပါး ခံစားမှုကို ကာမသုခလ္လိကာနုယောဂ ဟုခေါ်ပါသည်။
မျက်စိအလိုလိုက် အကြိုက်ခံစားခြင်း
နားအလိုလိုက် အကြိုက်ခံစားခြင်း
နှာအလိုလိုက် အကြိုက်ခံစားခြင်း
လျှာအလိုလိုက် အကြိုက်ခံစားခြင်း
ကိုယ်ကာယအလိုလိုက်လိုက် အကြိုက်ခံစားခြင်း
စိတ်အလိုလိုက် အကြိုက်ခံစားခြင်း………. ဟု အကျယ်မှတ်နိုင်ပါသည်။ ဤအကျင့်လမ်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက. မှတ်ချက်ငါးခုချခဲ့ပါသည်။
က………ယုတ်နိမ့်အကျင့်ဖြစ်သည်
ခ………..ရွာနေရပ်နေအကျင့်ဖြစ်သည်
ဂ……….လူပြိန်းကြိုက်အကျင့်ဖြစ်သည်
ဃ……..မဖြူစင်စေသောအကျင့်ဖြစ်သည်
င………နိဗ္ဗာန်အကျိုးကို မပေးသောအကျင့်ဖြစ်သည်။ထို့ကြောင့် ပဗ္ဗဇိတတို့သည် မကျင့်အပ်ဟု မိန့်တော်မူသည်။ ခံစားအကျင့်လမ်းဟု အလွယ်မှတ်ယူနိုင်ပါသည်။
၃။ အတ္တကိလမထာနုယောဂ(ဒဏ်ထားအကျင့်)
ခန္ဓာကိုယ်ကို ဒဏ်ပေးမှုအကျင့်လမ်းကို အတ္တကိလမထာနုယောဂ ဟုခေါ်ပါသည်။ ကာမသုခလ္လိကာနုယောဂ ကို ရှောင်ခွာဖို့ ဆန့်ကျင်ဖို့ ကြိုးစားကြသူတို့သည် ရှောင်တိမ်းပုံမှားယွင်း၍ ဤအတ္တကိလမထာနုယောဂအကျင့်လမ်းသို့ ကျရောက်ရခြင်းဖြစ်သည်။ အလိုလိုက်ခြင်း ၏ဆန့်ကျင်ဘက် ဒဏ်ထားခြင်းသို့ ရောက်သွားသည်ဟု မှတ်ယူနိုင်သည်။
မျက်စိကို ဒဏ်ထားခြင်း
နားကို ဒဏ်ထားခြင်း
နှာကို ဒဏ်ထားခြင်း
လျှာကို ဒဏ်ထားခြင်း
ကိုယ်ကာယကို ဒဏ်ထားခြင်း
စိတ်ကို ဒဏ်ထားခြင်း……. ဟုအကျယ်မှတ်ယူနိုင်သည်။ ဤအကျင့်လမ်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက မှတ်ချက်သုံးခု ပြုတော်မူသည်။
က…….နာကျင်ဆင်းရဲသော အကျင့်ဖြစ်သည်
ခ…….မဖြူစင်စေသော အကျင့်ဖြစ်သည်
ဂ…….နိဗ္ဗာန်အကျိုးကိုမပေးသော အကျင့်ဖြစ်သည်။ ထို့ကြောင့် ပဗ္ဗဇိတတို့သည် မကျင့်အပ်ဟု မိန့်တော်မူသည်။ ဒဏ်ထားအကျင့်လမ်းဟု အလွယ်မှတ်ယူနိုင်ပါသည်။
>>>အစွန်းကျော်လွှား ဆင်ခြင်အား
ခံစားအကျင့်လမ်း ဒဏ်ထားအကျင့်လမ်းနှစ်ခုကို အစွန်းလမ်းဟု ခေါ်ရိုးရှိပါသည်။ ခံစားအကျင့်အစွန်းလမ်းကို ရှောင်ရှားရာမှ နည်းမမှန်၍ ဒဏ်ထားအစွန်းအကျင့်လမ်းသို့ရောက်သွားတတ်ပါသည်။ ခံစားလမ်းကိုလည်းရှောင်လို ဒဏ်ထားလမ်းသို့လည်းမရောက်လိုပါလျှင် မည်သို့ကျင့်ကြံရပါမည်နည်းဟု မေးဖွယ်ရှိပါသည်။ နှစ်ချက်ရှိပါသည်။
(က)ပစ္စဝေက္ခဏာနည်း
(ခ) ဝိပဿနာနည်း…….ဟုဖြစ်ပါသည်။
ပစ္စဝေက္ခဏာနည်း……ဆိုသည်မှာ ပစ္စည်းများကိုခံစားစံစားဖို့သုံးစွဲသည်မဟုတ်ပဲ အခြေနေလိုအပ်ချက်အရသာသုံးစွဲ၍ သုံးစွဲရခြင်း၏ အကြောင်းခံကို ဆင်ခြင်ခြင်းဖြစ်ပါသည်။
ဝိပဿနာနည်း….ဆိုသည်မှာ ပစ္စည်းအသုံးဆောင်တို့၏ မမြဲခြင်းသဘာဝ အလိုတိုင်းမဖြစ်ခြင်းသဘာဝ ထိန်းချုပ်မရခြင်းသဘာဝတို့ကို ဆင်ခြင်သုံးစွဲခြင်းဖြစ်ပါသည်။ ဆင်ခြင်ခြင်းစွမ်းအားဖြင့် အစွန်းလမ်းနှစ်သွယ်ကို ရှောင်ရှားနိုင်ပါသည်။ ခံစားအကျင့်လမ်းမှလည်းလွတ်စေ၍ ဒဏ်ထားအကျင့်လမ်းသို့လည်း မကျရောက်စေပါ။
၄။ မဇ္ဈိမပဋိပဒါ(အလယ်လမ်း)
ရှေးအစဥ်အဆက် လူသားတို့ကျင့်ကြံခဲ့သည်က အစွန်းလမ်းနှစ်ပါးပင်ဖြစ်သည်။ မြတ်စွာဘုရားက ထိုနှစ်လမ်းနှင့်မဆက်ဆံသော မဇ္ဈိမပဋိပဒါ ခေါ် အလယ်လမ်းကျင့်စဥ်ကို ဖော်ထုတ်ဟောကြားခဲ့ပါသည်။ ထိုအလယ်လမ်းမှာ မဂ္ဂင်ရှစ်ပါးအကျင့်လမ်းပင်ဖြစ်ပါသည်။ အလယ်လမ်းကျင့်စဥ်အကျယ်ကို မဂ္ဂသစ္စာရောက်မှအကျယ်ပြောဆိုပါမည်။ ဤအလယ်ကျင့်လမ်း၏ အကျိုးရလာဒ်များကိုလည်း မိန့်ကြားတော်မူပါသည်။
က…..ဉာဏ်အလင်းပွင့်မည်
ခ……စိတ်အညစ်ကြေးကင်းစင်မည်
ဂ…..ထူးသောဉာဏ်အမြင်များရရှိမည်
ဃ….နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မည်။ ထို့ကြောင့်ပဗ္ဗဇိတတို့သည် ဤအလယ်လမ်းကျင့်စဥ်ကို ကျင့်အပ်သည်ဟု မိန့်တော်မူပါသည်။
၅။ ဒုက္ခသစ္စာ(ဆင်းရဲစစ်မှန်အမှန်တရား)
အရိယာတို့အမြင်အားဖြင့် ဤလောကသည် ဒုက္ခရှစ်မျိုးတို့ ယှက်ဖြာလွန်းထိုးနေသော လောကကြီးသာဖြစ်၏။
(က)ဇာတိဒုက္ခ=ဘဝသစ်ဖြစ်ရခြင်းဆင်းရဲ
(ခ)ဇရာဒုက္ခ=အိုဟောင်းရခြင်းဆင်းရဲ
(ဂ)ဗျာဓိဒုက္ခ=နာရခြင်းဆင်းရဲ
(ဃ)မရဏဒုက္ခ=သေရခြင်း ပျက်ရခြင်းဆင်းရဲ
(င)အပ္ပိယေဟိသမ္ပယောဂဒုက္ခ= မချစ်ရာတို့နှင့်ဆက်ဆံရခြင်းဆင်းရဲ(အမုန်းနီးဆင်းရဲ)
(စ)ပိယေဟိ ဝိပ္ပယောဂဒုက္ခ=ချစ်ရာတို့နှင့်ဝေးကွာခြင်းဆင်းရဲ(အချစ်ဝေးဆင်းရဲ)
(ဆ)ယံပိစ္ဆံနလဘတိ၊တမ္ပိဒုက္ခ=လိုတာမရဆင်းရဲ
(ဇ)ပဉ္စုပါဒါနက္ခန္ဓဒုက္ခ= ခန္ဓာငါးပါး၌စွဲလန်းမှုဆင်းရဲ(သင်္ခါရဒုက္ခ)
ဤသည်တို့ကား ဒုက္ခ၏ခေါင်းစီးအမည်တို့သာဟုမှတ်ရပါမည်။ ခေါင်းစီးတစ်ခုစီအောက်၌ မရေတွက်နိုင်သော ဒုက္ခသရုပ်တို့ကား များစွာပင်ရှိနေပါမည်။ ဇာတိချင်းတူနေသော်မှ နွားဇာတိ နှင့် လူဇာတိတို့ ဒုက္ခခံစားရပုံမတူချေ။ လူလူချင်းပင်လျှင် ဇာတိဒုက္ခဖြစ်ပုံခြင်း မတူနိုင်ပေ။ ဇရာ စသည်ကိုလည်း ဤနည်းအားဖြင့် ချဲ့ထွင်မှန်းဆနိုင်ပါသည်။
ဒုက္ခရှစ်မျိုးကို အုပ်စုခွဲ၍လေ့လာလျှင် ပို၍ အသိဉာဏ်ရှင်းနိုင်ပါသည်။
ဖြစ်စဥ်ဒုက္ခ= မွေး ၊ အို ၊ နာ ၊ သေ ။
ဆက်ဆံရေးဒုက္ခ= အမုန်းနီးဆင်းရဲ ၊ အချစ်ဝေးဆင်းရဲ ၊ လိုတာမရဆင်းရဲ
သင်္ခါရဒုက္ခ= ရုပ်နာမ်တို့၏ ဖြစ်ပျက်ဆင်းရဲ
ဒုက္ခတရားတို့ကို လက်မခံလို ငြင်းဆို၍ကားမရနိုင်ပါ။ သို့သော် သက်သာလျော့ပါးစေဖို့ကား ပြုလုပ်နိုင်ပါသည်။ မည်သို့ လျှော့နိုင်ပါသနည်း။
>>>ဖြစ်စဥ်ဒုက္ခလေးပါးကို ဆင်ခြင်မှုသံဝေဂ ဉာဏ်ဖြင့်လက်ခံပါက ပင်ပန်းမှုသက်သာစေပါသည်။ ဇာတိရလာသူမှန်သမျှ အိုရ နာရ သေရပါမည်လားဟု ဆင်ခြင်စိတ်ကိုလေ့ကျင့်ထားသင့်ပါသည်။
>>>ဆက်ဆံရေးဒုက္ခသုံးပါးကိုကား နှလုံးသားကို ဗြဟ္မစိုရ်တရားနှင့်နေတတ်အောင်လေ့ကျင့်ထားပါလျှင် ပင်ပန်းဆင်းရဲရမှုများ သက်သာစေမည်ဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့်ဆက်ဆံသောအခါ မေတ္တာဖြင့်ဆက်ဆံမည် ၊ ကရုဏာဖြင့်ဖေးမမည် ၊ မုဒိတာဖြင့် နွေးထွေးစေမည် ၊ ဥပေက္ခာနှင့် ထိန်းမတ်မည်ဆိုပါက ဆက်ဆံရေးဒုက္ခတို့သည် ဒုက္ခမှ အလှတရားသို့ပင်ပြောင်းလဲသွား စေမည်ဖြစ်ပါသည်။
>>>သင်္ခါရဒုက္ခအနေနှင့်ကား ဝိပဿနာပွားများခြင်းဖြင့် ရုပ် နာမ်တို့၏ အဖြစ်အပျက်ကို မြင်အောင် ရှုပွားရမည်ဖြစ်ပါသည်။
အထူးမှတ်ရန်ကား ဒုက္ခသစ္စာဟောချက်ရှစ်ချက်ရှိရာ ဇာတိဒုက္ခနှင့်သင်္ခါရဒုက္ခနှစ်ပါးသည် ဒုက္ခဟုနားလည်ရခက်စေပါသည်။ ထိုနှစ်ပါး သည် အကြောင်းခံဒုက္ခဖြစ် အလယ်ဒုက္ခခြောက်ပါးတို့မှာ အကျိုးဒုက္ခတို့ဖြစ်သည်ဟု နားလည်ရပါမည်။ ပြစ်မှုပြစ်ဒဏ် ကြီးမားများ ပြားသော စာချုပ်၌ လက်မှတ်ရေးထိုးမှားသလိုမျိုးဖြစ်ပါသည်။ လက်မှတ်ထိုးစဥ် ဒုက္ခမရောက်သေးသော်လည်း လက်မှတ်ထိုးပြီးနောက် လျော်ကြေးများ ပြစ်ဒဏ်များ ဆပ်၍မဆုံးပေး၍မဆုံးဖြစ်ကြပါသည်။
ဇာတိနှင့်သင်္ခါရဒုက္ခတို့သည် လက်မှတ်ထိုးခြင်းနှင့်တူ၍ အခြားဒုက္ခခြောက်ပါးမှာ လျော်ကြေးများ ပြစ်ဒဏ်များနှင့်တူပါသည်။
အထူးသိရန်တစ်ချက်မှာ မြတ်စွာဘုရားက ဒုက္ခသရုပ်ရှစ်ချက်ထုတ်ပြသော်လည်း အလေးအနက်သိစေလိုသောဒုက္ခမှာ သင်္ခါရဒုက္ခတစ်ခုသာဖြစ်ပါသည်။ ရှေ့ကဒုက္ခခုနှစ်မျိုးသည် ဘုရားမဟောပြသော်လည်း သိနားလည်နိုင်ကြပါသည်။ သင်္ခါရဒုက္ခမှာမူ မြတ်စွာဘုရားဟောပြတော်မူမှသာ သိနားလည်နိုင်ကြပါသည်။
၆။ သမုဒယသစ္စာ(ဆင်းရဲဖြစ်ကြောင်းအမှန်တရား)
အမြစ်သည် အပွင့်အသီးတို့၏အရင်းခံဖြစ်သကဲ့သို့ တဏှာခေါ် သမုဒယသစ္စာသည် ဒုက္ခတို့၏အရင်းခံဖြစ်လေ၏။ ဒုက္ခတို့သည် အမှန် စင်စစ်အားဖြင့် သမုဒယတို့၏ အသီးအပွင့်တို့သာဖြစ်လေ၏။ သမုဒယတစ်ခုရှိလျှင် ဒုက္ခတစ်ခု ၊ သမုဒယတစ်ရာရှိလျှင် ဒုက္ခတစ်ရာ စသည်ဖြင့် သမုဒယမွှေသမျှ ဒုက္ခဝေကြရမည်ဖြစ်သည်။ တဏှာသမုဒယသည်
ပေါနောဗ္ဘဝိက = ဘဝများထပ်ခါထပ်ခါဖြစ်စေနိုင်သည်
နန္ဒီရာဂသဟဂတ = အာရုံများကို စွဲလန်းစေသည်
တတြတတြာဘိနန္ဒိနီ=ရောက်ရာဘဝအာရုံ၌ပျော်မွေ့စေသည်…. ။ ထိုစွဲလန်းမှုတဏှာ၏ စွဲလန်းရာဌာနကို သုံးပါးဟုမှတ်ယူနိုင်သည်။
(က)ကာမတဏှာ= ကာမဝတ္ထုအာရုံများကိုစွဲလန်းခြင်း
(ခ)ဘဝတဏှာ=ဘဝဆက်တည်မြဲအယူ၌စွဲလန်းခြင်း
(ဂ)ဝိဘဝတဏှာ=ဘဝပြတ်အယူ၌စွဲလန်းခြင်း… တို့ဖြစ်သည်။
များသောအားဖြင့် သတ္တဝါတို့သည် ကာမတဏှာသာအဖြစ်များကြကုန်၏။ ဘဝနှင့်ဆိုင်ရာတို့မှာ အယူဝါဒတို့၌ ပျော်မွေ့တတ်သော သူတို့၌သာ ဖြစ်တတ်ပါသည်။ တဏှာ၏သဘောသည် အလွန်သိမ်မွေ့လှ၍ သတိပြုမိဖို့ခက်တတ်ပါသည်။
တဏှာနှင့်ပတ်သက်၍ မှတ်သားစရာတစ်ခုမှာ အစားထိုး၍ရခြင်းဖြစ်သည်။ ငါးကြင်းဆီနှင့်ငါးကြင်းကြော်သလို တဏှာဆီနှင့်တဏှာ ကြော်လို့ရပါသည်။ ကာမ ဘဝ တို့ကိုတပ်မက်သောတဏှာနေရာကို နိဗ္ဗာန်ကိုတပ်မက်သောတဏှာနှင့်အစားထိုးနိုင်ပါသည်။ အချုပ် အားဖြင့်တဏှာပယ်မှ ဒုက္ခတို့ဖယ်မည်ဖြစ်ပါသည်။
၇။ နိရောဓသစ္စာ(နိဗ္ဗာန်)
နိရောဓသစ္စာအရ နိဗ္ဗာန်ကိုအရကောက်ရပါသည်။ နိဗ္ဗာန်သည် ဘယ်မှာနည်း ၊ ဘယ်ပုံစံနည်းစသည်ဖြင့် မေးစရာများရှိပါသည်။ သာမန်ဘာသာဝင်တို့က နိဗ္ဗာန်သည် ကောင်းကင်အမြင့်ကြီးရဲ့တစ်နေရာရာမှာရှိသော အလွန်ခမ်းနားသောဘုံကြီးတစ်ခုဟု နားလည် တတ်ကြပါသည်။ ထာဝရမအို ထာဝရမနာ ထာဝရမသေပဲ ထာဝရအပျော်စံစားရာဘုံတစ်ခုအဖြစ်မှတ်ယူတတ်ကြပါသည်။ ထို့သို့ကား မဟုတ်ပါ။ မြတ်စွာဘုရားကအရှင်းဆုံးဟောထားပါသည်။
(က) တဏှာယ အသေသဝိရာဂနိရောဓော= တဏှာ၏အကြွင်းမဲ့ချုပ်ခြင်း
(ခ)စာဂ၊ပဋိနိဿဂ္ဂ= စွန့်ပယ်ခြင်း
(ဂ)မုတ္တိ= လွှတ်ခြင်း
(ဃ)အနာလယ=မတွယ်တာခြင်း….တို့ဖြစ်ပါသည်။
မီးတောက်လေးငြိမ်းရာ အငြိမ်းဓာတ်ပေါ်လာသကဲ့သို့ တဏှာချုပ်ငြိမ်းရာ၌ နိဗ္ဗာနဓာတ်ပေါ်လာခြင်းဖြစ်သည်။ ထိုနိဗ္ဗာန်သည် တဏှာနှင့် ဆန့်ကျင်ဘက်သဘောရှိပါသည်။သိမ်းပိုက်ခြင်းမရှိ၊ ဆုပ်ကိုင်ထားခြင်းမရှိ၊ ကပ်ငြိနေခြင်းမရှိပါ။နိဗ္ဗာန်သည် ဘုံဌာနမဟုတ်ပါ။ အငြိမ်းဓာတ်သဘာဝမျှသာဖြစ်ပါသည်။
မဂ္ဂသစ္စာကား ကျင့်စဥ်ရှစ်ခုပါသော မဇ္ဈိမပဋိပဒါအကျင့်လမ်းဖြစ်သည်။ သိက္ခာသုံးပါးနာမည်ဖြင့်ခွဲလျှင် သီလ /သမာဓိ/ ပညာ ဟု သုံးအုပ်စုကွဲသည်
သီလအုပ်စု……..သမ္မာဝါစာ /သမ္မာကမ္မန္တ/သမ္မာအာဇီဝ
သမာဓိအုပ်စု…..သမ္မာဝါယာမ/သမ္မာသတိ/သမ္မာသမာဓိ
ပညာအုပ်စု…….သမ္မာဒိဋ္ဌိ/သမ္မာသင်္ကပ္ပ ။
ဤအစဥ်အတိုင်းလေ့လာလျှင် ပို၍ ရှင်းလင်းလွယ်ကူသည်။
၈။ သမ္မာဝါစာ
ပတ်ဝန်းကျင်နှင့် ဆက်ဆံသောအခါ စကားပြောဆိုမှုသည် အလွန်အရာကျယ်ပါသည်။ မိမိတို့၏ နှုတ်ထွက်စကားများကို မှန်သောစကား ဖြစ်အောင်ပြောဆိုခြင်းသည် သမ္မာဝါစာမည်ပါသည်။
လောကသဘာဝအားဖြင့်မိမိတို့ပြောစကားကို မိမိတို့ဘာသာ မှန်သည်ကောင်းသည်ဟု မှတ်ယူတတ်ကြပါသည်။ သူကောင်း ကိုယ်ကောင်း ငြင်းရတတ်ပါသည်။ ထိုသို့အငြင်းမပွားရစေပဲ မူလသဘာဝအားဖြင့် အမှန်အကောင်း ခွဲခြားနိုင်ဖို့ မဂ္ဂင်ထိုက်သောစကားဖြစ်ဖို့ စကားပြော ဆိုရာ၌ ရှောင်ရန်လေးချက် ဆောင်ရန်လေးချက်ကို သိထားရပါမည်။
ရှောင်ရန်လေးချက်မှာ……..
(က)မုသာဝါဒ=မမှန်သောစကား
(ခ)ပိသုဏဝါစာ=ကုန်းတိုက် သွေးခွဲစကား
(ဂ)ဖရုသဝါစာ=ကြမ်းရိုင်းသောစကား
(ဃ)သမ္ဖပ္ပလာပ= အကျိုးမရှိသောစကား…….တို့ဖြစ်သည်။
ဆောင်ရန်လေးချက်မှာ………
(က)သစ္စယဝါဒ= မှန်ကန်သည့်စကား
(ခ) သမဂ္ဂရာမ= ချစ်ကြည် ညီညွတ်ရေးစကား
(ဂ)နေလာကဏ္ဏသုခ= ယဥ်ကျေးချိုသာ နားအရသာရှိသောစကား
(ဃ)အတ္ထဝါဒ= နေရာ အချိန်အလိုက်အကျိုးရှိသောစကား………တို့ဖြစ်သည်။
စကားအရာ၌ ရှောင်ရန်လေးချက်ကိုရှောင်၍ ဆောင်ရန်လေးချက်ကိုပြည့်စုံစေလျှင် မဇ္ဈိမလမ်းသို့ ပဌမခြေလှမ်းချနိုင်ပြီဟုဆိုနိုင်ပါသည်။ စကားတို့ကို မဂ္ဂင်ထိုက်စေပြီဟုဆိုနိုင်ပါသည်။ မဂ္ဂင်ထိုက်သောဝစီကံဟုလည်း နားလည်နိုင်ပါသည်။
၉။ သမ္မာကမ္မန္တ
သီလမဂ္ဂင်၏ ဒုတိယမဂ္ဂင်မှာ သမ္မာကမ္မန္တ ဖြစ်ပါသည်။ မှန်သောပြုမူခြင်း ဟုအဓိပ္ပါယ်ရပါသည်။ မည်သို့ပြုမူခြင်းတို့သည်မှန်ပါသနည်း။ အင်္ဂါသတ်မှတ်ချက် တို့ရှိပါသည်။
ရှောင်ရန်သုံးချက်……….
(က)ပါဏာတိပါတ= သူ့အသက်ကိုတိုစေခြင်း
(ခ)အဒိန္နာဒါန= မပေးဥစ္စာယူခြင်း
(ဂ)ကာမေသုမိစ္ဆာစာရ= ကာမအရာမှားယွင်းခြင်း…..တို့ဖြစ်သည်။ ဤသုံးပါးကိုရှောင်ကြဥ်နိုင်လျှင်မဂ္ဂင်ထိုက်သောကာယကံဟုခေါ်နိုင်ပါသည် ။ မဇ္ဈိမလမ်းသို့ ဒုတိယခြေလှမ်းချနိုင်ပြီဖြစ်ပါသည်။
၁၀။ သမ္မာအာဇီဝ
နေ့စဥ်လူနေမှုဘဝအချိန်ကို နှစ်ပိုင်းခွဲနားလည်ရပါမည်။ သာမန်နေထိုင်မှုအချိန်နှင့် အသက်မွေးလုပ်ငန်းလုပ်နေချိန်ဖြစ်ပါသည်။ သာမန်ချိန်နှင့် လုပ်ငန်းချိန်ဟု အတိုမှတ်ထားပါ။
သာမန်အချိန်၌ အထက်မှာပြခဲ့ပြီးသော ဝစီကံနှင့် ကာယကံတို့ကို မဂ္ဂင်ထိုက်အောင်ကျင့်သုံးမှုကို သမ္မာဝါစာ နှင့် သမ္မာကမ္မန္တ ဟုဆို၍ လုပ်ငန်းချိန်၌ ဝစီကံနှင့် ကာယကံကို မဂ္ဂင်ထိုက်အောင်ကျင့်သုံးခြင်းကို သမ္မာအာဇီဝဟုဆိုပါသည်။ အကျဥ်းဤသို့မှတ်နိုင်ပါသည်။
သာမန်ချိန် မဂ္ဂင်ထိုက်သောဝစီကံသည် သမ္မာဝါစာ ။
သာမန်ချိန် မဂ္ဂင်ထိုက်သောကာယကံသည် သမ္မာကမ္မန္တ။
လုပ်ငန်းချိန် မဂ္ဂင်ထိုက်သော ဝစီကံနှင့်ကာယကံသည် သမ္မာအာဇီဝ ။
လုပ်ငန်းအချိန်၌ ကာယကံ ဝစီကံတို့ကို မဂ္ဂင်ထိုက်စေဖို့ဆိုသည်မှာ သာမန်ချိန်ထက် များစွာခက်ခဲလှပါသည်။ အချိန်များစွာယူ၍ တည်ဆောက်တတ်ရပါသည်။ ဤသို့တည်ဆောက်၍ သမ္မာအာဇီဝ မဂ္ဂင်ဖြစ်လျှင် မဇ္ဈိမလမ်းသို့ တတိယခြေလှမ်းချနိုင်ပါပြီ။ လမ်း၏ သုံးချိုးတစ်ချိုးခရီးကို လျှောက်ခဲ့ပြီးပြီဟု မှတ်ယူနိုင်ပါသည်။
၁၁။ သမ္မာဝါယာမ
သမာဓိမဂ္ဂင်သုံးပါး၏ ပထမမဂ္ဂင်မှာ သမ္မာဝါယာမ ဖြစ်ပါသည်။ မှန်စွာအားထုတ်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ဤမဂ္ဂင်ကို အကုသိုလ် ကုသိုလ်နှစ်ခုအပေါ် အခြေတည်၍ ဖွင့်ဆိုထားပါသည်။
အကုသိုလ်အရာ၌ အားထုတ်မှုနှစ်ရပ်၊ကုသိုလ်အရာ၌ အားထုတ်မှု အားထုတ်မှု နှစ်ဆင့်ရှိပါသည်။
(က)မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင်အားထုတ်ခြင်း
(ခ)ဖြစ်ထားတဲ့အကုသိုလ်တွေကို ပယ်နိုင်အောင်အားထုတ်ခြင်း
(ဂ) မဖြစ်သေးတဲ့ကုသိုလ်တွေကို ဖြစ်အောင်အားထုတ်ခြင်း
(ဃ)ဖြစ်ထားပြီးကုသိုလ်များကို ပွားများပြည့်စုံအောင်အားထုတ်ခြင်း
ဤအားထုတ်ခြင်းလေးမျိုးကို သမ္မာဝါယာမဟု ခေါ်ပါသည်။ အကျဥ်းအားဖြင့် အကုသိုလ်တရားကို နည်းစေကုန်စေအောင်အားထုတ်၍ ကုသိုလ်တရားကိုများစေပြည့်စုံစေဖို့အားထုတ်ခြင်းဖြစ်ပါသည်။ ဤမဂ္ဂင်သည် မဇ္ဈိမလမ်း၌ စတုတ္ထခြေလှမ်းချခြင်းဖြစ်ပါသည်။
၁၂။ သမ္မာသတိ
သမာဓိမဂ္ဂင်သုံးပါး၏ ဒုတိယမဂ္ဂင်မှာ သမ္မာသတိဖြစ်ပါသည်။ မှန်သော စောင့်ကြည့်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ သတ္တဝါတို့သည် သတိပြု စောင့်ကြည့်မှုမရှိပဲ ဘဝအဆက်ဆက်နေလာကြ၍ သံသရာကို ဘရိတ်အုပ်နိုင်ခြင်းမရှိခဲ့ပေ။ သတိသည် စိတ်ဘရိတ်ဖြစ်သည်။ ဘရိတ် အုပ်ချက် မိလေလေ အရှိန်သည်လျော့လေလေဖြစ်၏။ အရှိန်မြန်၍ မမြင်ခဲ့ရသော မြင်ကွင်းများသည် အရှိန်နှေးတုံ့လာသောအခါ ပီပီ သသ မြင်လာရ၏။ ကျကျနန မြင်လာရ၏။ အမြင်ရှင်းလေလေ အမှန်ကို သိလေလေဖြစ်၏။ အမှန်ကိုသိဖို့ သတိဖြင့် စောင့်ကြည့်မှု သည် အရေးကြီးဆုံးဖြစ်၏။ စောင့်ကြည့်ရမည့်ဌာန လေးခုဟု ဟောကြားခဲ့ပါသည်။
(က)ကာယ= ကိုယ်အမူရာတို့ကို စောင့်ကြည့်ခြင်း
(ခ)စိတ္တ= စိတ်အမူရာတို့ကို စောင့်ကြည့်ခြင်း
(ဂ)ဝေဒနါ= ခံစားချက်များကို စောင့်ကြည့်ခြင်း
(ဃ)ဓမ္မ=အာရုံနှင့်ဒွါရထိခိုက်မှုသဘာဝများကိုစောင့်ကြည့်ခြင်း……..တို့ဖြစ်သည်။
ဤလေးဌာနမှ ဌာနတစ်ခုခုကို စောင့်ကြည့်ခြင့်အလေ့ကို တည်ဆောက်နိုင်ပြီဆိုပါလျှင် မဇ္ဈိမလမ်းအပေါ် ပဉ္မမခြေလှမ်းချခြင်း ဖြစ်ပါ သည်။ စောင့်ကြည့်ပုံအကျယ်ကိုကား မဟာသတိပဋ္ဌာနသုတ်တော်၌ သီခြားလေ့လာမှပြည့်စုံနိုင်ပါမည်။
၁၃။ သမ္မာသမာဓိ
သမာဓိမဂ္ဂင်သုံးပါး၏ တတိယမဂ္ဂင်မှာ သမ္မာသမာဓိ ဖြစ်ပါသည်။ မှန်သောစူးစိုက်တည်ကြည်မှုဟု မှတ်ရပါမည်။ သတ္တဝါတို့၏စိတ်သည် အာရုံထောင်ပေါင်းများစွာသို့ စီးဖြာနေတတ်ကြပါသည်။ တစ်ခဏလေးအတွင်းမှာပင် အာရုံများစွာဆီသို့ ပြေးဝင်နိုင်စွမ်းရှိပါသည်။ ထိုသို့ အာရုံပေါင်းများစွာသော စီးဖြာနေသောကြောင့် စိတ်၏အင်အားတို့သည် ပြန့်ကျဲကာ စွမ်းအားမဲ့နေပါသည်။ ပြန့်ကျဲနေသောစိတ် အင်အား များကို စုစည်းဖို့ အာရုံများကိုလျှော့ချဖို့ကြိုးစားရမည်။ အာရုံများကို လျှော့ချလေလေ စိတ်သည်စုစည်းလေလေ၊ စိတ်စုစည်း လေလေ စွမ်းအား စူးချွန်လေလေဖြစ်၏။ စူးချွန်လာသောစိတ်သည် တစ်ခုတည်းသောအာရုံ၌ စူးနစ်တည်နိုင်လာ၏။ ထိုသို့ စူး၍ စိုက်၍ နစ်ဝင်နေ တတ်သောစိတ်ကို သမ္မာသမာဓိဟုခေါ်သည်။ ထိုသမ္မာသမာဓိ၏ စူးနစ်ဝင်နိုင်စွမ်း.ဖောက်ထွင်းနိုင်စွမ်းအကူညီရမှသာ အထက်ပညာမဂ္ဂင် တို့သည် လုပ်ငန်းအောင်မြင်အောင်လုပ်နိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် ဤသမ္မာသမာဓိမဂ္ဂင်ကို မဖြစ်မနေပွားများရပါမည်။ ဤမဂ္ဂင်သည် မဇ္ဈိမလမ်း၌ ဆဋ္ဌခြေလှမ်းဖြစ်ပါသည်။
၁၄။ သမ္မာဒိဋ္ဌိ
ပညာမဂ္ဂင် နှစ်ပါးတွင် ပထမမဂ္ဂင်မှာ သမ္မာဒိဋ္ဌိဖြစ်သည်။ မှန်စွာမြင်ခြင်းဟု အဓိပ္ပါယ်ရသည်။
မဂ္ဂင်ရှစ်ပါးတွင် ဤမဂ္ဂင်သည် အရာအကျယ်ဆုံးဟုဆိုနိုင်သည်။သမ္မာဒိဋ္ဌိ ခြောက်မျိုးလာရှိသည်။
(က)ကမ္မဿကတာ သမ္မာဒိဋ္ဌိ
(ခ)စျာန သမ္မာဒိဋ္ဌိ
(ဂ)ဝိပဿနာ သမ္မာဒိဋ္ဌိ
(ဃ)မဂ္ဂ သမ္မာဒိဋ္ဌိ
(စ)ဖလ သမ္မာဒိဋ္ဌိ
(ဆ) ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ….. တို့ဖြစ်သည်။
ဤသမ္မာဒိဋ္ဌိခြောက်ပါးတို့တွင် ကမ္မဿကတာသမ္မာဒိဋ္ဌိ သည် သီလမဂ္ဂင်အုပ်စုမှာကတည်းကပြည့်စုံပြီးသားဖြစ်ရသည်။ စျာန„ဝိပဿနာ သမ္မာဒိဋ္ဌိတို့သည် သမာဓိမဂ္ဂင်အုပ်စု၌ ပြည့်စုံစေရသည်။
မဂ္ဂ„ဖလ„ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိတို့ကား ပညာမဂ္ဂင်၌ ပေါ်ထွက်လာရသည်။ ကမ္မ သည်အနု ၊ စျာန နှင့်ဝိပဿနာသည် အရင့် ၊ မဂ္ဂ ဖလ ပစ္စဝေကခဏာတို့ကား အမှည့် ဤသို့ အနု အရင့် အမှည့်ဟု လွယ်အောင်မှတ်သားနိုင်သည်။ အနု အရင့် တို့သည် အကြောင်းမဂ္ဂင်များ ဖြစ်၍ အမှည့်သည် အကျိုးမဂ္ဂင်ဖြစ်ပါသည်။ ဤသည်ကား မဇ္ဈိမလမ်း၌ သတ္တမခြေချခြင်းဖြစ်ပါသည်။
၁၅။ သမ္မာသင်္ကပ္ပ
မှန်သော အတွေးအကြံ ဟူသော သမ္မာသင်္ကပ္ပမဂ္ဂင်သည် ပညာမဂ္ဂင်၏ ဒုတိယမဂ္ဂင်ဖြစ်သည်။ သတ္တဝါတို့သည် မျာသေားအားဖြင့် ကာမသင်္ကပ္ပ(ပျော်ပါးရေးအတွေး)၊ ဗျာပါဒသင်္ကပ္ပ(သတ်ဖြတ်ရေးအတွေး)၊ ဝိဟိံသသင်္ကပ္ပ(နှိပ်စက်ရေးအတွေး) ဟု မိစ္ဆာသင်္ကပ္ပ (အတွေးမှား)များနှင့် နေတတ်ကြသည်။ ထိုအတွေးတို့နှင့်ဆန့်ကျင်စွာ…..
(က) နေက္ခမ္မသင်္ကပ္ပ=ကာမဂုဏ်အာရုံတို့မှ ထွက်မြောက်ရေးအတွေး
(ခ)အဗျာပါသင်္ကပ္ပ= မသေစေရေး ချမ်းသာရေး မေတ္တာအတွေး
(ဂ)အဝိဟိံသာသင်္ကပ္ပ= မနှိပ်စက်ရေး စောင့်ရှောက်ရေး ကရုဏာအတွေး
တို့ တွေးနေခြင်းကို သမ္မာသင်္ကပ္ပဟုခေါ်ပါသည်။ ဤမဂ္ဂင်သည် မဇ္ဈိမလမ်း၌ အဋ္ဌ ခြေလှမ်းချခြင်းဖြစ်ပါသည်။
စာသဘောအရ မဂ္ဂင်ရှစ်ပါးကို တစ်ပါးချင်းရှင်းပြနေရသော်လည်း ကျင့်စဥ်သဘာဝမှာဖြင့် မဂ္ဂင်ရှစ်ပါးတို့သည် တပြိုင်နက် ပေါင်းစီးပြု လုပ်နိုင်ကြပါသည်။ ဤမဂ္ဂင်ရှစ်ပါးကို ပွားများခြင်းသည်ပင် မဇ္ဈိမပဋိပဒါလမ်း၌ လျှောက်လှမ်းခြင်းဖြစ်ပါသည်။
သစ္စာလေးပါးကို ဟောကြားပြီးနောက် ထိုသစ္စာတရားတစ်ပါးတစ်ပါးစီ၌ ဆောင်ရွက်ရမည့် ကိစ္စတို့ကိုလည်း ဆက်လက်ဟောကြား တော်မူပါသည်။ အမှန်အားဖြင့် သစ္စာတစ်ပါးတစ်ပါးစီ၌ သစ္စဉာဏ်„ကိစ္စဉာဏ်„ကတဉာဏ် ဟု ဉာဏ်သုံးပါးစီရှိပါသည်။ ထိုသို့ သစ္စာ တစ်ပါး တစ်ပါးစီ၌ ဉာဏ်သုံးမျိုးဖြင့် သိမြင်ခဲ့ပြီးမှသာ ဘုရားဟုဝန်ခံကြောင်းကိုလည်း မိန့်တော်မူပါသည်။
(က)သစ္စဉာဏ်…..ဆိုသည်မှာ ဒုက္ခ ကို ဒုက္ခဟုအမှန်သိခြင်း၊ သမုဒယကို သမုဒယဟုအမှန်သိခြင်း ၊ နိရောဓကို နိရောဓဟုအမှန်သိခြင်း ၊ မဂ္ဂ ကို မဂ္ဂ အမှန်သိမြင်ခြင်းတို့ဖြစ်ပါသည်။
(ခ) ကိစ္စဉာဏ်…..ဆိုသည်မှာ ထိုသစ္စာတစ်ပါးချင်းစီ၌ ဆောင်ရွက်ရမည်တို့ကိုသိသောဉာဏ်ဖြစ်ပါသည်။ နောက်၌အကျယ်ဆိုပါမည်။
(ဂ)ကတဉာဏ်…..ဆိုသည်မှာ ထိုသစ္စာတစ်ပါးချင်းစီ၌ ဆောင်ရွက်စရာအာလုံး၏ ပြီးစီးခြင်းကို သိသောဉာဏ်ဖြစ်ပါသည်။
ပြဿနာကိုမြင်သည် ၊ ဘယ်သို့ဖြေရှင်းရမည်ဟုသိသည် ၊ သိသည့်အတိုင်းဖြေရှင်းလိုက်နိုင်သည်ဟု မှတ်နိုင်ပါသည်။ ထိုဉာဏ်သုံးပါး၌ အဓိကဖြစ်သော ကိစ္စဉာဏ်ကိုသာ အကျယ်ရှင်းပါမည်။
၁၆။ ပရိညေယျ
ဒုက္ခသစ္စာနှင့်ပတ်သက်၍ ဆောင်ရွက်ရမည်မှာ ဒုက္ခတရားတို့ကို ပိုင်ပိုင်နိုင်နိုင် ကွဲကွဲပြားပြား ကွက်ကွက်ကွင်းကွင်း သိအောင် အားထုတ် ရမည်ဖြစ်ပါသည်။ မိမိ၏ဉာဏ်မျက်လုံးဖြင့် မိမိကိုယ်တိုင် ရှင်းလင်းစွာသိမြင်စေရပါမည်။ ထိုသို့သိခြင်းကို ပရိညေယျ= ပိုင်းခြား၍ သိသည်ဟုဆိုပါသည်။ ဒုက္ခသစ္စာရှစ်ချက်၌ နောက်ဆုံးဖြစ်သည့် သင်္ခါရဒုက္ခကို ရုပ်နာမ်တို့၏အဖြစ်ပျက်ကို ခန္ဓာဉာဏ်ရောက်သိအောင် အားထုတ်ရမည်ဟုဆိုလိုသည်။
၁၇။ ပဟီန
ဒုက္ခ၏မိခင်ဖြစ်သော သမုဒယသစ္စာကိုကား အဆင့်ဆင့်ပယ်သတ်ရပါမည်။ သမုဒယကို မပယ်သတ်သမျှ ဒုက္ခသည် အကိုင်းအခက်ဝေ ပွားစီးနေမည်ဖြစ်ပါသည်။ ပယ်သတ်ခြင်းကို ပဟီနဟုခေါ်ပါသည်။
၁၈။ သစ္ဆိကတ
နိရောဓဟု ခေါ်ပါသည်။ နိဗ္ဗာန်ဟုလည်း ခေါ်ပါသည်။ ထိုနိဗ္ဗာန်ကိုကား မျက်မျောက်ပြုနိုင်ရပါမည်။ မျက်မှောက်ပြုခြင်းကို သစ္ဆိကတ ဟုခေါ်ပါသည်။ ပို၍ရှင်းအောင်ဆိုရပါမူ နိဗ္ဗာန်ကို အလိုရှိတိုင်း အာရုံပြုနိုင်ရမည်ဟုဆိုလိုပါသည်။ နိဗ္ဗာနဓာတ်၏ ငြိမ်းအေးမှုကို ခံစား နိုင်ရမည်ဟုဆိုလိုပါသည်။
၁၉။ ဘာဝနာ
မဂ္ဂသစ္စာကိုကား ပွာများရပါမည်။ မဂ္ဂင်တရားတို့ ထက်သထက်ထက်မြလာအောင် အားကောင်းသထက်ကောင်းလာအောင် ဆိုခဲ့ပြီး ကျင့်စဥ်ရှစ်ရပ်ကို ပွားများကျင့်ကြံနေရပါမည်။ ပွားများခြင်းကို ဘာဝနာဟုခေါ်ပါသည်။ အမှန်အားဖြင့် မဂ္ဂသစ္စာကိုပွားများခြင်းသည် တစ်ချက်ခုတ် ငါးချက်ပြတ်ဖြစ်ပါသည်။ မဂ္ဂသစ္စာကိုပွားများစေပါက ဒုက္ခသစ္စာကိုအလိုလိုပိုင်းခြားသိသွားမည်၊ သမုဒယသစ္စာကို အလိုလိုပယ်သတ်ပြီးဖြစ်သွားမည် ၊ နိရောဓသစ္စာကို အာရုံပြုပြီးသားလည်းဖြစ်သွားမည်ဖြစ်ပါသည်။ ရှေ့၌ဆိုခဲ့သော အစွန်းနှစ်ပါးကို လည်း ရှောင်ပြီးဖြစ်ပါသည်။
အချုပ်အားဖြင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုသော ပဗ္ဗဇိတတို့သည် လုပ်ဆောင်ရန်တစ်ခုသာရှိပါသည်။
“”မဂ္ဂသစ္စာကိုပွားများပါ”” ။ ။
အထက်ပါ ဖော်ပြခဲ့ပြီးစကားလုံး (၁၉) လုံးသည် ဓမ္မစကြာသုတ်တော်၏ အဓိကကျသော စကားတို့ဖြစ်ပါသည်။ ဤဆယ့်ကိုးလုံးကို နားလည်လျှင် သုတ်တော်ကိုနားလည်နိုင်ပါပြီ။ ဤသုတ်၏နောက်ဆက်တွဲအဖြစ် သင်္ဂါယနာမထေရ်တို့ မှတ်တမ်းတင်ခဲ့သည်ကိုလည်း မှတ်သားသင့်ပါသည်။ သုတ်တော်ဟောကြားပြီးသည်၏အဆုံး၌……..
ပဉ္စဝဂ္ဂီတို့ နှစ်သက်စိတ်ဖြင့်သာဓုခေါ်ကြသည်။
အရှင်ကောဏ္ဍညမထေရ် သောတာပန်ဖြစ်သည်။
ဓမ္မစက်လည်ပြီဖြစ်ကြောင်း မြေစောင့်နတ်မှစ၍ နတ်အဆင့်ဆင့်ကြွေးကြော်သံသည် အကနိဋ္ဌဗြဟ္မာဘုံအထိ ပျံ့နှံ့ခဲ့သည် ။
>>> မြတ်စွာဘုရားက “”အညာသိ ဝတ ဘော ကောဏ္ဍညော “” ကောဏ္ဍညမထေရ် တရားထူးရပြီမြင်ပြီဟု ဥဒါန်းကျူးရင့်သည်။
>>> ကောဏ္ဍညမထေရ်က ရဟန်းဖြစ်ခွင့်တောင်းသည်။
>>> မြတ်စွာဘုရားက “”ဧဟိ ဘိက္ခူ”” ခေါ်၍ ရဟန်းဖြစ်စေခဲ့သည်။
ဤမျှဆိုပါလျှင် ဓမ္မစကြာသုတ်တော်ကို နားလည်ခံစားနိုင်ပါပြီ။ သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးအကျင့်ကို နားလည်သဘောက်နိုင်ပါပြီ။ နားလည်ကြသည့်အတိုင်း ကျင့်သုံကြပါစို့ဟု မဇ္ဈိမခေါ်သံ ပြုလိုက်ရပါသည်။
မဟာစည်ဆရာတော်၏ ဓမ္မစကြာတရားတော်စာအုပ်ကို အထူးပြုမှီငြမ်းပါသည်။
မောင်ရဟန်းသာသနာ့ရင်ခွင်/စာကို chirstonawba ခံစားတင်ပြသည်။ ပြိုင်ပွဲဝင်ထားသောစာဖြစ်သည် ကိုဗစ်ကြောင့်မစောင့်နိုင်သဖြင့် တင်ပြလိုက်သည်။
Continue reading “သစ္စာလေးပါးနှင့်မဂ္ဂင်ရှစ်ပါးအကျင့်လမ်း”
You must be logged in to post a comment.