Featured

“အရှင်သြဘာသ၏ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း”

ပြဿဒ်ကျောင်းထိုင်ဆရာတော် အရှင်သြဘာသသည် မွေးချင်း(၇)ယောက်တွင် အထွေးဆုံးဖြစ် သည် ငယ်မည်မှာ မောင်အောင်မျိုးထွန်းဖြစ်သည်။ မူလတန်းမှအလယ်တန်းအထိ စစ်ကိုင်းမြို့ အ.လ.က(၁) ရန်နိုင်ကျောင်းတွင် ပညာရည်နို့သောက်သုံးခဲ့သည်။ အထက်တန်းကို စစ်ကိုင်းမြို့ အ.ထ.က(၂)တွင် ပညာဆက်လက်သင်ကြားပြီး (၁၉၉၉)ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ သည်။ ထို့နောက် စစ်ကိုင်းတိုင်း ရွှေဘိုဒီဂရီကောလိပ်တွင် ပညာဆက်လက် ဆည်းပူးခြင်း၊ ပညာဆည်း ပူးရင်း စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် (၂၀၀၀)ခုမှစ၍(၂၀၀၆)နှစ်အထိ အစိုးရရုံး အလုပ်လုပ် ခြင်း၊ စာရင်းကိုင်းပညာများသင်ကြားခြင်း ကွန်ပျူတာပညာများလေ့လာခြင်း၊ အလုပ်တစ်ဖက်ဖြင့် ရွှေဘိုဒီဂရီကောလိပ်တွင် ပညာသင်ကြားခဲ့ရာ (၂၀၀၃)ခုနှစ်တွင် Bachelor of art , ဝိဇ္ဇာဘွဲ့(Myanmar) ကိုရရှိခဲ့သည်။

            ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် စာရင်းကိုင်(၃)ဘဏ္ဍာဌာနမှ ရုံးအလုပ်များကို စွန့်လွှတ်ကာ မြန်မာသက္ကရာဇ် ၁၃၆၇ခု(၂၀၀၆)ခုနှစ် ပြာသိုလ်လဆုတ်(၈)ရက် စနေနေတွင် ပြဿဒ်ကျောင်းဆရာတော် ဦးနန္ဒမာလာကို ဉပဇ္စျာယ်ပြု၍  ဦးသန်းစိန် + ဒေါ်လှလှ တို့ကိုအမှူးထား လျှက် ,‌ဒေါ်ခင်သက်ဆွေ ,ဦးသာညွန့် + ဒေါ်ခင်သက်ဝေ, ဦးကိုကိုကြီး +‌ ဒေါ်လေးခင်, ကိုရဲလင်း + နန်းခင်စောယဉ်, ဦးသက်နှင်းအောင် +‌ ဒေါ်ခင်စန်းလွင်, ဦးရဲမင်းထွန်း+ ‌‌ဒေါ်မြင့်မြင့်ဌေး တို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်ရဟန်းအဖြစ်ကို ရောက်ရှိခဲ့သည်။

            ရှင်သြဘာသအမည်ဖြင့် စစ်ကိုင်းမြို့၊နန်းဦးမြို့သစ်ရပ်ကွက် ရွှေဘုန်းရံသီကျောင်းတိုက်ကြီးတွင် ပိဋကတ်စာပေများကို လေ့လာစည်းပူးခဲ့ရာ (၁၃၇၁)ခု(၂၀၀၉)ခုနှစ်တွင် ပထမငယ်တန်း၊ ထို့နောက် နန်းဦးတိုက်သစ်တွင်လည်းကောင်း ၊မိဂဒါဝုန်ကျောင်းတွင်လည်းကောင်း ပညာဆက်လက်စည်းပူးရာ (၁၃၇၂)ခု (၂၀၁၀)ခုနှစ်တွင် ပထမလတ်တန်း၊ ထို့နောက် စစ်ကိုင်းတောင် ပဌာန်းသိပ္ပံတွင် ပဌာန်းစာဝါများ လေ့လာခြင်း မိဂဒါဝုန်ကျောင်းတွင် ဆန်း, လင်္ကာ ,ယမိုက်ကျမ်းများလေ့လာခဲ့ရာ (၁၃၇၃)ခု(၂၀၁၁)ခုနှစ်တွင် ပထမကြီးတန်းကို အောင်မြင်တော်မူခဲ့သည်။

            ပထမကြီးတန်းပြီးမြောက်သော် စစ်ကိုင်းတောင်ရိုး မဟာဝေပုလ္လချောင် ဆရာတော် ဦးအာဒိစ္စာဘိဝံသ(စေတီယင်္ဂဏ ဓမ္မာစရိယ ဝိနယပါရဂူ)ဆရာတော် ဘုရားကြီးထံတွင် စာချတန်းဆိုင်ရာများကို နည်းနာခံယူသင်ကြားခဲ့ရာ (၁၃၇၃)ခု(၂၀၁၂)ခုနှစ်တွင် သီလက္ခန်ကျမ်းကိုအောင်မြင်သည်။ ထို့နောက်ဇေယျသိမ် ပါဠိတက္ကသိုလ်တွင်လည်းကောင်း၊ ရွှေဘုန်းရံသီကျောင်းတိုက်ကြီး၏ အဓိပတိဆရာတော် ဦးပဏ္ဍဝံသထံ တွင်လည်းကောင်း ပညာများဆက်လက်သင်ကြားခဲ့ရာ (၂၀၁၅)ခု(၁၃၇၆)ခုနှစ်တွင် ဓမ္မသင်္ဂဏီကျမ်းကို အောင်မြင်ခဲ့သည်။ ဇွဲနပဲလုံ့လတို့ကိုမလျော့ဘဲဆက်လက်ကြိုးစာလာခဲ့ရာ ယခုနှစ်(၂၀၂၀)ခု (၁၃၈၁-၁၃၈၂) ပညာသင်နှစ်တွင် ကျမ်းရင်းသုံးကျမ်းတွင် အခက်အခဲဆုံးဖြစ်သော ပါရာဇိကဏ်ကျမ်းကို အောင်မြင်၍ သာသနဓဇဓမ္မာစရိယဘွဲကိုရရှိခဲ့သည်။

            စာချတန်းဆိုင်ရာများကိုလေ့လာဆည်းပူးရင်း ဝိနည်းစာမေးပွဲများကိုပါ တဆက်တည်းလေ့လာဖြေဆိုခဲ့ရာ ပါရာဇိကဏ်,ပါစိတ်,မဟာဝါပေါင်း(၃)ကျမ်းတို့ကို (၂၀၁၃)ခုနှစ်တွင်လည်းကောင်း၊ ပရိဝါကျမ်းကို (၂၀၁၄)ခုနှစ်တွင် (၁)ကျမ်းကိုလည်းကောင်း၊ (၂၀၁၈)ခုနှစ်တွင် စူဠဝါကျမ်း ပေါင်း(၅)ကျမ်းကိုအောင်မြင်ကာ  ဝိနယဝိဒူဘွဲ့ ကိုရရှိခဲ့သည်။ ဒီဃနိကာယဝိဒူတန်းတွင် သီလက္ခန်ကျမ်းကို (၂၀၁၉)ခုနှစ်တွင် ဖြေဆိုအောင်မြင်တော်မူသည်။ လက်ရှိ ကျောင်းတိုက်တွင် ပဋိယက် ပဋိပါတ်များကို ပြဿဒ်ကျောင်းတိုက်တွင်ဆက်လက် ဆည်းပူးရင်း ကျောင်း တည်ထောင်ခြင်း သိမ်ဆောက်ခြင်း ရေတွင်း ရေကန်တူးခြင်းများကို ဆောင်ရွက်ကာ သာသနာပြုလျှက်ရှိပါသည်။

#chirstonawba

ဇွန်ပန်းရုံအနီး

ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည်
ကူ၍တွန်းပေးကြပါ။
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်။

ဒီစာတန်းကလေးကတော့ ငယ်စဉ်က ပထမတန်း မြန်မာစာ ဖက်စာအုပ်ထည်းက စာလေးပါ။သာမာန်ဖက်ရင်တော့ဘာမျှ တန်ဖိုးမရှိပါဘူး ဦးဇင်းတို့စဉ်းစာကြည့်တယ် တန်းကျောင်းပညာရေးတွေ နိပ်ကျနေတာမဟုတ်ပါဘူး ဆရာတွေရဲ့အတွေးတွေ နည်းနေတာဖြစ်ကြောင်း အထောက်အထားနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ် …..
ဒီစာတန်းကို လူသဘာ၀ လှပမှု အနှစ်သာရတွေကို ထုတ်ပြီးပြောပြသွားပါမယ် ကလေးတွေကိုလည်း စဉ်းစား တွေးခေါ်တက်အောင် အသိပညာ အလိမ္မာတွေတိုးအောင် သဘာဝကြကြ ပြောပြပါ့မယ် ပုံပြင်လိုနားလည်းအောင် ရေးသားပေးပါ့မယ်….
ပထမ စာကြောင်းကို အရင်စဉ်းစားကြမယ် ကဲ ” သေခြာနားထောင်ကြနော်”
ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲကျွံနေသည်တဲ့
ကျောင်းမှာ စိုက်ထားတဲ့ဇွန်ပန်းရုံကို မျက်စိထည်းမြင်အောင်ကြည့်ကြကွယ်
ကလေးတို့ မြင်ကြပြီလား ” ဟုတ်မြင်ပြီ”
ဘာဖြစ်လို့ဇွန်းပန်းရုံ အနီးမှာ လှည်းဘီး နွံထဲကျွံရသလည်း ဆိုတော့ ဇွန်ပန်းရုံအနီးမှာ ဗွက်အိုင်ကြီးရှိလို့ပေါ့ ကလေးတို့….
” ဩော် ဟုတ်သားဘဲ ‘
‘ ကလေးတို့တွေးတာနဲ့မှန်သွားပြီ ”
“ အေးကောင်းပြီ ”
“အဲဒီဗွက်အိုင်ကြီး ဘာကြောင့် ဖြစ်လာတာလည်းမေးတော့ ‘
‘ ကလေးတစ်ယောက်က ”
ရေတွေကြောင့်တဲ့ နောက်တစ်ယောက်က မိုးရွာလို့တဲ့ ဟုတ်သေးဘူးကလေးတို့ စဉ်းစားကြပါဦးလို့ပြေားတော့ ။
နောက်ဆုံး ကိုရင်ပေါက်စ ကလေးက ဇွန်ပန်းရုံကို ရေလောင်းလို့ ရေတွေကစီးပြီး လမ်းပေါ်ကျသွားတာ လမ်းကလည်း မြေသားလမ်းဖြစ်တော့ ဗွက်ထတာပေါ့တဲ့ ……
”အေးဟုတ်တာပေါ့ ”
ကိုရင်ကလေးက ကျောင်းရဲ့ပန်းပင်တွေကို နေ့တိုင်းရေလောင်းခိုင်းထားတာ သူက ရေလောင်းနေကြဆိုတော့သိ တယ်လေ ဒါပေမည့် ဦးဇင်းပြောချင်တာနဲ့တော့မတူးဘူးပေါ့…
ဒါနဲ့စကားဆက်လိုက်ပါသည် ”အေး”ပန်းပင်ကို ပြုစုတဲ့သူက ရေလောင်းဘို့ဘောင်မှ မလုပ်ထားတာ လုပ်ထားတဲ့ပန်း ပင်ရဲ့ ဘောင်ကလည်းမလုံ ပြီးတော့သေးသေးလေးလုပ်ထားတာ ….
ပန်းရုံရဲ့အောက်ခြေမှ ရေနေအောင် မြေသားအဝိုက် ဘောင်လေးလုပ်ရတယ် အဲဒီတော့မှ လောင်းလိုက်တဲ့ရေတွေ ဘေးကိုလျော့ဆင်းမသွားမှာပေါ့ ရေလောင်းတဲ့သူကလည်း ရေကိုနင်းကန်ပြီးတအား မလောင်းရဘူး တအားလောင်းပြန်ရင်လည်း ရေတွေကများပြီး ဘောင်ကိုကျော်ထွက်ပြီး လမ်းပေါ်စီးသွားမှာပေါ့ အဲဒီလိုဆိုရင် လမ်းကဗွက်ထတော့မှာပေါ့ သူတို့လေးတွေကိုမြင်အောင်ပြောပြလိုက်တယ် …….
”သစ်ပင်စိုက်ပျိုးနည်းပါ တစ်ခါတည်းသိအောင် ဂွင်ချပြီး ပြေားပြရတော့တာပေါ့၊ ”
”ဒါနဲ့နောက်နေ့ကျရင် သစ်ပင်အောက်ကို ဘောင်လုပ်ပါ့မယ် ဘုရားတဲ့ …”
ကိုရင်ကပြန်ဖြေပါတယ်’
အဲဒီတော့မှ ဦးဇင်းပြောချင်တဲ့အကွက်ဝင်လာတယ်လေ ” မိသားစုတစ်ခုမှ သား/သမီးတွေ ရှိတယ် ကလေးတို့လိုပေါ့ …၊
မိဘတွေက မိမိတို့ရဲ့သားတွေကို လိမ္မာအောင် ဆုံးမတဲ့နေရာမှာ စည်းကမ်း ဆိုတဲ့ဘောင်ခတ်ပေးရတယ် သူတို့လေးတွေကို တိုးတက်အောင် ရေလောင်းပေါင်းသင်သလို ထောက်ပံ့ပေးရတယ်….
ကလေးကိုဆုံးမတဲ့နေရာမှာ စည်းကမ်းဆိုတာရှိပေးရတယ် သူတို့ကိုချုပ်ချယ်တဲ့သဘောမဖြစ်တဲ့ စည်းကမ်း ပေါ့….
.မိဘကလည်း ကလေးတွေကို မုန့်ဘိုးပေးတဲ့နေရာမှာ အဝတ်စားဝယ်ပေးတဲ့နေရာမှာ စသဖြင့် ရေလောင်းသလို ထောက်ပံ့ပေးရတယ် ..
ဒါနဲ့” ဇွန်ပန်းရုံအနီး လှည်းဘီးကျွံတာနဲ့ ဒါတွေနဲ့ဘာဆိုင်လို့တုန်းတဲ”့ စဉ်းစားလိုက်ပေါ့ကွာလိုပြန်ဖြေရင် စကားဆက်လိုက်သည်….
မိဘတွေက ကလေးတွေကိုဆုံးမတဲ့နေရာမှ ” ဘောင်” ဆိုတဲ့စည်းကမ်း မသက်မှတ်တဲ့မိဘ တွေကြောင့်ပေါ့ တိုးတက်အောင် ဆုံးမတယ်ဆိုပေမယ့်…
အလွန်အကျွံအလိုလိုက် အရွယ်နဲ့မလိုက်အောင် ပစ္စည်းတွေဝယ် သုံးဖြုန်းပြစ်ရင် အဲဒီကလေးဟာ ပျက်စီးခြင်းဆိုက်တော့တာဘဲ ….
စည်းကမ်းသတ်မှတ်ထားပေမယ့် အဖွားလုပ်သူတို့ အဒေါ်လုပ်သူတို့က ကလေးတေ၊ွကို စည်းကမ်း ” ဘောင် ” ဆိုတာကိုကျော်အောင် သစ်ပင်ကိုရေလောင်းသလို အလွန်အကျွံလောင်းရင် ကလေးတွေပျက်စီးခြင်း ဆိုက်ပြန်ရောကွယ်….
စည်းကမ်းတွေ”ဘောင်”တွေကို တအားမြှင့်ထားပြီး ရေတအားလောင်းပြန်ရင်လည်း အမြစ်ပုတ်ပြီး ပျက်စီးတက်တယ်။
အဲဒီမှာပြောချင်တာက တချို့မိဘတွေက ကလေးတွေနဲ့မလိုက်ဖက်တဲ့ စည်းကမ်းတွေကို သက်မှတ်တက်ကြတယ်အဲဒီမှာက
သစ်ပင်ကိုရေနေအောင် ” ဘောင် ”ကမြှင့်ထားတော့ ရေလွန်ပြီး အမြစ်ပုတ်ကာ သစ်ပင်သေသလို ကလေးတွေရဲ့ စိတ်တွေသေကုန်ပြီး လူရာမဝင်တော့ပြန်ဘူး လူမှုရေးနယ်လည်းမသွားရ ကစားကွင်းလည်းမသွားရ အိမ်တွင်းပုန်း ဖြစ်ပြီးမတော်တရော်တွေဖြစ်ကုန်တက်တယ် တချို့ဆို စိတ်ဝေဒနာသည်ဖြစ်တယ် တချို့ဆို တက္ကသိုလ်တက်တော့ လွတ်လပ်ပြီး ပျက်စီးကုန်တာပေါ့ ဘာမျှနားမလည်တော့ လုပ်ချင်ရာလုပ်တော့တာဘဲ… ……
အဲသလိုနဲ့ပျက်စီးခြင်းတွေဆိုက်ပြန်ရော……
စည်းကမ်းဘောင်ကို ကျော်လွန်ပြီး ရေလောင်းတော့ လမ်းဗွက်ထသလို
ဒီကလေးတွေရဲ့ ကြော်ဇော သတင်းကလည်း ရက်ကွက်ထည်း ဗွက်ထကုန်တော့တာပါဘဲ ဒီကလေးဆိုတာ အရွယ်နဲ့ကို မလိုက်ဘူး မိဘတွေက အလိုလိုက်လို့ဖြစ်တာ ဒါနဲ့မိဘတွေကလည်းမခံနိုင် ကိုယ့်သား/သမီးကို ကိုယ်ချစ်လို့ အလိုလိုက်တာဘာဖြစ်လည်း…
ရက်ကွက်ထည်းမှာ ဗွက်ထကုန်တာပေါ့ ကလေးတို့…
ကြာလာတော့မှ ထိန်မနိုင်သိမ်းမနိုင်ဖြစ်လာတော့မှ ကယ်ပါကူပါ အော်နေလို့မရတော့ဘူး …..
အဲဒီတော့မှ ကလေးတွေကို ”သားတို့ ကိုရင်တို့ ”မင်းတို့ ကျောင်းစည်းကမ်းကို” လိုက်နာရမယ်နော် စည်းကမ်း မလိုက်နာလို့ပျက်စီးကျတာ……..
ဒီလိုမဖြစ်အောင် သားတို့ တပည့်တော်တို့လိုက်နာပါ့မယ်ဘုရားတဲ့ ပြန်ဖြေကြတယ်”
ဗွက်ထတာ ကြာလာတော့မှ နွံဆိုတာဖြစ်လာတာကွယ့်ကလေးတို့
အဲသလိုနဲ့ သဘာ၀ ပတ်ဝန်းကျင်ကို လည်းနားလည်းအောင် သင်ပေးရသေးတယ်…….
အသိညဏ်ထဲ့ ပေးရသေးတယ်
စဉ်းစားကြည့်ပေါ့ ကိုယ်က ရေလောင်းတဲ့သူလား ရေလောင်းခံရတဲ့သူလား ဘယ်ကဏ္ဍမှာပါတဲ့သူလည်း စဉ်းစားပေါ့ ….
တစ်ချို့က မေးသေးတယ် ထန်းပင်ရေလောင်းရလို့လားတဲ့ ဦးဇင်းလည်းပြန်ဖြေလိုက်တယ် ထန်းပင်က အညွန့်တလူလူနဲ့ အကိုင်းအခက်တွေနဲ့ အမျိုးအစားလား….
အဒီအပင်က တစ်ကောင်ကြွက် တစ်မျက်နှာ ဆွေနဲ့မျိုးနဲ့နေတက်တဲ့အပင်မျိုးမှ မဟုတ်တာ
လှည်းဘီးနွံထည်း ကျွံရတဲ့အကြောင်းပြောဦးမယ်
လှည်းတစ်စီးမှာ လှည်းရယ် နွားရယ် လှည်းမောင်းသူရယ် သုံးခုပါတာပေါ့ ကလေးတို့….
သူတို့က ဘာနဲ့တူလည်းဆိုတော့ မိသားစု တစ်ခုနဲ့တူတယ် မိဘနှစ်ပါးက ထမ်းဆောင်ရတဲ့ဝန်ထုပ် ဝန်ပိုးကိုသည်ပိုး ဆောင်ရွက်သူတွေနဲ့တူတယ်ကလေးတို့….
မိဘတွေက စီးပွားရေးနယ်ပယ်မှာ လူမှုရေးနယ်ပယ်မှာ အလုပ်လုပ်တဲ့အခါမှာခေတ်ကာလ၏ တောင်းဆိုမှု သဘာဝ၏ရိုက်ခက်မှုတွေကြောင့် ဆင်းရဲပင်ပန်းကြတယ် ဥပမာ ကျောင်းစရိတ် စား ဝတ် နေရေး အထွေထွေ ကုန်ကျစရိတ်တွေကကြီးလာတော့ မိဘတွေက အလုပ်တွေကို ပိုလုပ်ရတယ် ရတာနဲ့ သုံးရတာ မလုံလောက်တော့ဘူး အဲဒါကြောင့် လှည်းပေါ်မှာ ကုန်ပစ္စည်းတွေကို နှစ်ဆတင်ပြီး မောင်းလာရတော့တာပေါ့….
အဲဒီမှာ လမ်းကမကောင်းတော့ ဗွက်ထနေတော့ ကျွံကုန်ရော့လေ ………..
အဲဒီမှာပြောချင်တာက မိမိလုပ်ခဲ့တဲ့ဗွက်က မိမိကို ဒုက္ခရောက်အောင်ပေးနေပြီလို့ပြောချင်တာ စီးပွားရေး လူမှုရေး ဘာသာရေး စသဖြင့်နယ်ပယ်အသီးသီးမှာ ရှေ့တိုးလို့မရ နောက်ဆုက်လို့မရနဲ့ ဒုက္ခရောက်တက်လို့ပါ။
အဲဒီမှာ ကိုယ်က ရုန်းကန်ရတဲ့သူ နွားလား လှည်းလား မောင်းနှင်သူလား စဉ်းစာစရာတွေထွက်လာတယ် ….
မောင်းနှင်သူက အဖေဖေ နှင့်တူတယ် မေမေက သည်ပိုးပြီးထမ်းထားတဲ့ လှည်းနဲ့တူတယ် လှည်းဘီးကတော့ စီးပွားရေးလုပ်ငန်း တွေနဲ့တူတယ် နွားကတော့ မိမိတက်ထားတဲ့ အသိညဏ်နှင့် တူတယ် ကလေးတို့…..
အဲဒီမှာ စီးပွားရေးလုပ်ငန်းတစ်ခုက တစ်ခါတစ်လေမှာ အားနည်းပြီးကျွံသွားတက်တယ် ညဏ်နှင့်ရုံးပြန်တော့လည်း တော်တော်နဲ့ မရွေ့နိုင်ဘူး ဖေဖေကလည်း ရုန်းတာပါဘဲ မေမေကလည်း ရရှိထားတဲ့ပိုင်ဆိုင်ထားတဲ့ ဥစ္စာစီးပွားတွေကို လျော့ကျမသွားအောင်ထိန်းသိမ်းထားရတယ် အဲဒီထည်းမှာသားသမီးတွေ မပါတာတွေ့ရတယ် …..
ဒုတိယ အပိုက်မှာရေးထားတာက
ကူ၍ဝိုင်းတွန်းပေးကြပါတဲ့ ဘာတွေ့ရလည်းကလေးတို့ မေးလိုက်တော့
့ ဘေးမှာ ဝိုင်းကူလို့ရတဲ့သူတွေရှိတယ်လေ သား/သမီးတွေက စီးပွားရေးဆိုတဲ့ဘီးကို ဝိုင်းတွန်းပေးရင် တက်နိုင်သလောက်ဝိုင်းရုန်းကန်ပေးရင် မိဘ၏ ညဏ်တည်းဟူသော “နွား” ကလည်းရုန်း မေမေကလည်း ရရှိထားတဲ့စီးပွားကို ဖိတ်စဉ်မသွားအောင် ပြိုလဲမသွားအောင်ထိန်း …..
လေးလွန်း၍ မတွန်းနိုင်ဘူးလား လို့ရေးထားတာတွေ့ရမှာပေါ့
တစ်ချို့က ဒုက္ခရောက်နေတာကို တွေ့ပါလျှက်နှင့် အိမ်စီးပွားရေးကိုလည်းစိတ်မဝင်စား မေးဘဲမေးပြီး တစ်ချို့ကထွက်သွားတက်ကြတယ် တစ်ချို့သား/သမီးတွေကလည်း ဝိုင်းမကူတက်ကြဘူး ဒါလေးတောင်မလုပ်နိုင်ဘူးလား စသဖြင့်ရှိတက်သေးတယ် အဲဒါကြောင့် မိသားစုစည်းလုံးမှုရှိမှ စီးပွားရေးကတိုးတက်ပြီး တိုးတက်သထက် တိုးတက်ပြီးလျော့မသွားမှာ အဲဒါကြောင့်ကလေးတွေကို ငယ်ငယ်ကတည်းက နားလည်အောင်သင်ထားသင့်တယ် ….
ပြိုင်တူ တွန်းလျှင်ရွေ့နိုင်သည်လို့ ရေးထားတာတွေ့ရမှာပေါ့
အေးဘယ်လောက်ဘဲခက်ခဲခက်ခဲ မိဘတွေကို တက်အားသလောက် ဝိုင်းကူသင့်ရင်ဝိုင်းကူရမယ် ငါကျောင်းသားဘဲ စာကျက်တဲ့အလုပ်တစ်ခုပြီးတာနဲ့တင် တာဝန်ကျေ တာမဟုတ်ဘူးနော် စီးပွားရေးတို့ အိမ်မှုလုပ်ငန်းတို့ အဝတ်လျှော် ရေခပ် စသဖြင့် ကိုယ်နိုင်သလောက် တာဝန်ယူကြရမယ်နော် ကိုရင်တို့ ……..

ဒီစာကိုလေ့လာပြီး ဘယ်လိုသင်ခန်းစာရသလည်းလို့ ဦးဇင်းကမေးလိုက်တော့


၁။ သူတိုတွေက စည်းကမ်းရှိမှတိုးတက်မည် လို့တစ်ယောက်ကဖြေတယ်
၂။ နောက်တစ်ဦးက စည်းကမ်းရှိနေရုံနဲ့ တင်မလုံလောက်ဘူး စည်းလုံးဘို့လည်းလိုသေးတယ်လို့ဖြေတယ်
၃။ နောက်တစ်ယောက်က ညဏ်လို့ ခေါ်တဲ့ အမှား/အမှန် အတက်ပညာတွေလည်းလိုသေးတယ်လို့ဖြေတယ်
၄။ နေက်တစ်ယောက် ဝီရိယအားစိုက်မထုတ်ဘဲ ဒီလှည်းမရွေ့ဘူး ခွန်အား ညဏ်အား စုပေါင်းအားနဲ့တွန်းရမယ်တဲ့
၅။ နောက်တစ်ယောက်က ရှိထားတဲ့အရင်းအနှီး စီးပွားရေးတွေကို ညဏ်အား ဝီရိယအား ခွန်အား စည်းကမ်းတွေနဲ့ထိန်းပြီး နောင်သံသရာအတွက်ကော ယခုဘဝအတွက်ကော ဒါန သီလ ကောင်းမှုတွေလုပ်ပြီး လက်ရှိရထားတာထက်ခိုင်မြဲတဲ့ ပျက်စီးဆုံးရှုံးမှုမရှိနိုင်တဲ့ ကုသိုလ်လုပ်သင့်တယ်လို့ဖြေတယ် သူတို့လည်း သူတို့သိသလောက်ပြောပြကြတာပေါ့ ……..

chirstonawba
ရေး/ခရစ်တွန်ဩဘာ

** ခွေးဟောင်သံ **


** ခွေးဟောင်သံ **

ကဿပမြတ်စွာ သာသနာ၏

ကာလနောက်ဖျား ရဟန်းများတို့

တရားကင်းကွာ မေ့လျော့စွာဖြင့်

သိက္ခာမဖြည့် ရိက္ခာဖြည့်၍

လူ၏ကိစ္စ ဝင်ရှုပ်ကြသော်

လောကလူ့ဘောင် အပူလောင်စဉ်

ခွေး‌ဟောင်သံကြီး ပေါ်ပေါက်ခဲ့။

ယုတ်မာသူများ စားမည့်တဲ့။

တရားမဲ့သူ ဝါးမည်တဲ့။

ကိုယ်ကျင့်တရား မပျက်ပြားဖို့

သိကြားမနေသာ တာဝတိံသာမှ
မာတလိကို ကျိုးကြောင်းဆိုလျှက်

ခွေးလိုဖန်ဆင်း လူပြည်ဆင်း၍

လူမင်းမြတ်စွာ သာသနာကို

တစ်ခါပြန်လှစ် တရားစစ်သော်

မေတ္တာပန်းတို့ လန်းခဲ့ပြီ။

ယခုကာလ

‌ဂေါတမမြတ်တစွာသာသနာ၏

ကာလနောက်ဖျား ရဟန်းများတို့

တရားမမှီ ဝိနည်းကင်းကွာ

သိက္ခာမဖြည့် ရိက္ခာဖြည့်၍

လူ၏ကိစ္စ ဝင်ရှုပ်ကြသော်

လောက လူ့ဘောင် မပူလောင်ဖို့

ခွေးဟောင်သံတို့ ကြားအံ့‌လော။

ယုတ်မာသူများ စားအံ့လော။

တရားမဲ့များ ဝါးအံ့လော။

ညနက်သန်းခေါင် ခွေးတို့ဟောင်သော်

ခေါင်းထောင်ကြည့်နေမိသည်တကား။       ။

မောင်ရဟန်းသာသနာ့ရင်ခွင်

“ သားရွှေဥဆုံးမစာ ”

“ သားရွှေဥဆုံးမစာ ”


ဓလေ့မသတီစရာ အတွေ့ကကလီကမာ အသင်းတွေနှင့်၊
အမေ့ဖီလာ ယနေ့သည်တခါငြင်းရင်ဖြင့်၊
ဟေ့ထမီနာနာတင်းပါလို့ ၊အပြင်းရိုက်မဟင်။
အမယ်မင်းအဖေ့ခြေရာနင်းမယ်တဲ့မင်းမိုက်ချင်။
ဩော်မုန်းစရာသားကိုဖြင့်ဆုံးမလို့တားလိုက်ပါရဲ့၊
ယောကျာ်းသယ်အသေကောင်မတော့၊
အသရေဆောင်အသင်းဝင်တစ်ယောက်ကယ်လို့၊
ပြေဘောင်မှာပုလင်းရွှင်ရွှင်နဲ့သောက်တဲ့ပြင်၊
ရောက်လေရာအသင်းတိုက်များတွင်မှ၊
ကစားဘွယ်အကြည်ဖက်နေကျ၊
ဘိလျက်ခုံမှာကျူတံကိုင်လို့မို့၊
မူဟန်ပိုင်ပိုင်မောက်သည့်တခိုးတွေနှင့် တူစံပြိုင်နှစ်ယောက်မရှိအောင်ထိုးနေကြ၊
အမျိုးယုတ်အလေလွင့်ပါ နော်ကွယ်မိုးချုပ်နေဝင်။
အကော်ဖဲသမားသဘွယ်အဖော်မက်တဲ့ပြင်၊
ပျော်ပွဲစားမယ် ဟော်တယ်တက်ပါလို့၊
ပျော်နယ်ဘက်တွင်ဖြင့်အခွင့်မလှအင်၊
အဝင့်အကြွေတွင်ဖြင့် ရွှေသမ္ဘာမသေး၊
အိုဟယ်နင့်ဖခင်ရယ်ကြောင့် အမေငါမအေး။
ကြားစဟယ် သားလှလူမမယ်ရဲ့၊
အပူသယ်ငါအမိကိုဖြင့် မချိအောင်တပွေပွေနှင့်
အဖေလိုအလေလိုက်ယင်ဖြင့် အမိုက်ကိုအမေမညှာဘု၊
သေသေချာချာအလကားဆိုးဆိုးပြီး၊
အမယ်မင်း အားကစားကိုရင်ဖြင့်
တန်ခိုးဆုတ်လို့ဒြပ်သမ္ဘာသေးတက်သတဲ့၊
အိုဟယ် ပါးကျိုးမဟဲ့၊ အမျိုးယုတ် ဖိနပ်စာကလေး။
ဆုံးမ နာယူ နိုင်ကြပါစေ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

ရွှေတလေးကြီးဆုံးမစာ

chirstonawba

သစ္စာလေးပါးနှင့်မဂ္ဂင်ရှစ်ပါးအကျင့်လမ်း

သစ္စာလေးပါးနှင့်မဂ္ဂင်ရှစ်ပါးအကျင့်လမ်း

သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို မြတ်စွာဘုရားသည် တရားဦးဓမ္မစကြာသုတ်တော်၌ပင် အပြည့်အစုံဟောပြညွှန်ကြားခဲ့ပါသည်။ ထိုသုတ်တော်ကို လေ့လာခြင်းအားဖြင့် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးကို နားလည်နိုင်ပါသည်။ တရားဦးဓမ္မစကြာကို မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးပါးတို့အား ဟောကြားတော်မူခဲ့ပါသည်။ ထိုတရားတော်၌ အဓိကနားလည်ရမည့်စကားလုံး (၁၉)လုံးရှိပါသည်။

၁။ ပဗ္ဗဇိတ

….အကျင့်လမ်းသုံးသွယ်…

၂။ ကာမသုခလ္လိကာနုယောဂ

၃။အတ္တကိလမထာနုယောဂ

၄။မဇ္ဈိမပဋိပဒါ

…..သစ္စာလေးပါး…..

၅။ ဒုက္ခအရိယသစ္စာ(ဒုက္ခသစ္စာ)

၆။ဒုက္ခသမုဒယအရိယသစ္စာ(သမုဒယသစ္စာ)

၇။ ဒုက္ခနိရောဓ အရိယသစ္စာ(နိရောဓသစ္စာ)

၈။သမ္မာဒိဋ္ဌိ(မဂ္ဂသစ္စာ)

၉။သမ္မာသင်္ကပ္ပ

၁၀။သမ္မာဝါစာ

၁၁။သမ္မာကမ္မန္တ

၁၂။သမ္မာအာဇီဝ

၁၃။သမ္မာဝါယာမ

၁၄။သမ္မာသတိ

၁၅။သမ္မာသမာဓိ(မဂ္ဂသစ္စာ)

……….ကိစ္စလေးပါး……

၁၆။ပရိညေယျ

၁၇။ ပဟီန

၁၈။သစ္စိကတ

၁၉။ ဘာဝနာ

အခြားသော စကားလုံးတို့မှာ အဓိကစကားလုံးတို့ကို ဝန်းရံပံ့ပိုးပေးသောစကားလုံးတို့ဖြစ်ပါသည်။ အဓိကစကားလုံးတို့ကို ဉာဏ်မီသမျှ နားလည်းသမျှ လေ့လာကြည့်ပါမည်။ဤစကားလုံး (၁၉)လုံးကိုနားလည်လျှင် ဓမ္မစကြာတရားတော်ကို နားလည်ပြီဟုဆိုနိုင်ပါသည်။

၁။ ပဗ္ဗဇိတ(စိတ်လျှော်သူ)

ဓမ္မစကြာတရားတော်သည် ကျင့်စဥ်ပြဒေသနာတော်ဖြစ်၍ သာမန်လောကီသားတို့အတွက် ရည်ရွယ်သည်ဟု မမှတ်ယူသင့်ပါ။ ပဗ္ဗဇိတ ပုဂ္ဂိုလ်တို့ကိုသာ အထူးအားဖြင့်ရည်ရွယ်သော ဒေသနာ ဖြစ်ပါသည်။ ပဗ္ဗဇိတ ပုဒ်ကို ဂယက်အနက်အားဖြင့် ရသေ့ရဟန်းဟုပြန်ဆိုတတ် ကြပါသည်။ ဂယက်အနက်သည် ကျဥ်း၏။ အဘိဓာန်အနက်အားဖြင့် စိတ်အညစ်ကြေးများနှင်ထုတ်သူဟု ဖွင့်ဆိုသည်။ ဤအနက်က ကျယ်ပြန့်သည်။ ဤအလို စိတ်အညစ်ကြေးကင်းလိုသူ အားလုံးကို ပဗ္ဗဇိတ ဟုမှတ်ရမည်။ ရသေ့ရဟန်းဖြစ်ချင်ဖြစ်မည်။ လူဝတ်ကြောင် ဖြစ်ချင်ဖြစ်မည်။ ဘာသာရှိ ဘာသာမဲ့ ဖြစ်ချင်ဖြစ်မည်။လူမျိုး အသားရောင် ဘာသာ အဝတ်ကွဲပြားမှုမရှိ စိတ်အညစ်ကြေးကင်းလိုသူတိုင်း ဤဒေသနာက ဤကျင့်စဥ်တို့ကို ကျင့်ဖို့လိုပါသည်။ အဘိဓာန်အနက်ကိုကြည့်၍ စာရေးသူက ကဗျာအနက်ဖွင့်ဆိုမိသည်။ “”စိတ်လျှော်သူ””ဟူ၍…….။ ။

၂။ကာမသုခလ္လိကာနုယောဂ(ခံစားအကျင့်)

ကာမချမ်းသာ ခံစားမှုကို ကာမသုခလ္လိကာနုယောဂ ဟုဆိုပါသည်။ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဟူ၍ အာရုံကိုဖမ်းယူပေးတတ်သော ဒွါရခြောက်ခုရှိပါသည်။ ထိုဒွါရတို့အကြိုက် အလိုလိုက်ပျော်ပါး ခံစားမှုကို ကာမသုခလ္လိကာနုယောဂ ဟုခေါ်ပါသည်။

မျက်စိအလိုလိုက် အကြိုက်ခံစားခြင်း

နားအလိုလိုက် အကြိုက်ခံစားခြင်း

နှာအလိုလိုက် အကြိုက်ခံစားခြင်း

လျှာအလိုလိုက် အကြိုက်ခံစားခြင်း

ကိုယ်ကာယအလိုလိုက်လိုက် အကြိုက်ခံစားခြင်း

စိတ်အလိုလိုက် အကြိုက်ခံစားခြင်း………. ဟု အကျယ်မှတ်နိုင်ပါသည်။ ဤအကျင့်လမ်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက. မှတ်ချက်ငါးခုချခဲ့ပါသည်။

က………ယုတ်နိမ့်အကျင့်ဖြစ်သည်

ခ………..ရွာနေရပ်နေအကျင့်ဖြစ်သည်

ဂ……….လူပြိန်းကြိုက်အကျင့်ဖြစ်သည်

ဃ……..မဖြူစင်စေသောအကျင့်ဖြစ်သည်

င………နိဗ္ဗာန်အကျိုးကို မပေးသောအကျင့်ဖြစ်သည်။ထို့ကြောင့် ပဗ္ဗဇိတတို့သည် မကျင့်အပ်ဟု မိန့်တော်မူသည်။ ခံစားအကျင့်လမ်းဟု အလွယ်မှတ်ယူနိုင်ပါသည်။

၃။ အတ္တကိလမထာနုယောဂ(ဒဏ်ထားအကျင့်)

ခန္ဓာကိုယ်ကို ဒဏ်ပေးမှုအကျင့်လမ်းကို အတ္တကိလမထာနုယောဂ ဟုခေါ်ပါသည်။ ကာမသုခလ္လိကာနုယောဂ ကို ရှောင်ခွာဖို့ ဆန့်ကျင်ဖို့ ကြိုးစားကြသူတို့သည် ရှောင်တိမ်းပုံမှားယွင်း၍ ဤအတ္တကိလမထာနုယောဂအကျင့်လမ်းသို့ ကျရောက်ရခြင်းဖြစ်သည်။ အလိုလိုက်ခြင်း ၏ဆန့်ကျင်ဘက် ဒဏ်ထားခြင်းသို့ ရောက်သွားသည်ဟု မှတ်ယူနိုင်သည်။

မျက်စိကို ဒဏ်ထားခြင်း

နားကို ဒဏ်ထားခြင်း

နှာကို ဒဏ်ထားခြင်း

လျှာကို ဒဏ်ထားခြင်း

ကိုယ်ကာယကို ဒဏ်ထားခြင်း

စိတ်ကို ဒဏ်ထားခြင်း……. ဟုအကျယ်မှတ်ယူနိုင်သည်။ ဤအကျင့်လမ်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက မှတ်ချက်သုံးခု ပြုတော်မူသည်။

က…….နာကျင်ဆင်းရဲသော အကျင့်ဖြစ်သည်

ခ…….မဖြူစင်စေသော အကျင့်ဖြစ်သည်

ဂ…….နိဗ္ဗာန်အကျိုးကိုမပေးသော အကျင့်ဖြစ်သည်။ ထို့ကြောင့် ပဗ္ဗဇိတတို့သည် မကျင့်အပ်ဟု မိန့်တော်မူသည်။ ဒဏ်ထားအကျင့်လမ်းဟု အလွယ်မှတ်ယူနိုင်ပါသည်။

>>>အစွန်းကျော်လွှား ဆင်ခြင်အား

ခံစားအကျင့်လမ်း ဒဏ်ထားအကျင့်လမ်းနှစ်ခုကို အစွန်းလမ်းဟု ခေါ်ရိုးရှိပါသည်။ ခံစားအကျင့်အစွန်းလမ်းကို ရှောင်ရှားရာမှ နည်းမမှန်၍ ဒဏ်ထားအစွန်းအကျင့်လမ်းသို့ရောက်သွားတတ်ပါသည်။ ခံစားလမ်းကိုလည်းရှောင်လို ဒဏ်ထားလမ်းသို့လည်းမရောက်လိုပါလျှင် မည်သို့ကျင့်ကြံရပါမည်နည်းဟု မေးဖွယ်ရှိပါသည်။ နှစ်ချက်ရှိပါသည်။

(က)ပစ္စဝေက္ခဏာနည်း

(ခ) ဝိပဿနာနည်း…….ဟုဖြစ်ပါသည်။

ပစ္စဝေက္ခဏာနည်း……ဆိုသည်မှာ ပစ္စည်းများကိုခံစားစံစားဖို့သုံးစွဲသည်မဟုတ်ပဲ အခြေနေလိုအပ်ချက်အရသာသုံးစွဲ၍ သုံးစွဲရခြင်း၏ အကြောင်းခံကို ဆင်ခြင်ခြင်းဖြစ်ပါသည်။

ဝိပဿနာနည်း….ဆိုသည်မှာ ပစ္စည်းအသုံးဆောင်တို့၏ မမြဲခြင်းသဘာဝ အလိုတိုင်းမဖြစ်ခြင်းသဘာဝ ထိန်းချုပ်မရခြင်းသဘာဝတို့ကို ဆင်ခြင်သုံးစွဲခြင်းဖြစ်ပါသည်။ ဆင်ခြင်ခြင်းစွမ်းအားဖြင့် အစွန်းလမ်းနှစ်သွယ်ကို ရှောင်ရှားနိုင်ပါသည်။ ခံစားအကျင့်လမ်းမှလည်းလွတ်စေ၍ ဒဏ်ထားအကျင့်လမ်းသို့လည်း မကျရောက်စေပါ။

၄။ မဇ္ဈိမပဋိပဒါ(အလယ်လမ်း)

ရှေးအစဥ်အဆက် လူသားတို့ကျင့်ကြံခဲ့သည်က အစွန်းလမ်းနှစ်ပါးပင်ဖြစ်သည်။ မြတ်စွာဘုရားက ထိုနှစ်လမ်းနှင့်မဆက်ဆံသော မဇ္ဈိမပဋိပဒါ ခေါ် အလယ်လမ်းကျင့်စဥ်ကို ဖော်ထုတ်ဟောကြားခဲ့ပါသည်။ ထိုအလယ်လမ်းမှာ မဂ္ဂင်ရှစ်ပါးအကျင့်လမ်းပင်ဖြစ်ပါသည်။ အလယ်လမ်းကျင့်စဥ်အကျယ်ကို မဂ္ဂသစ္စာရောက်မှအကျယ်ပြောဆိုပါမည်။ ဤအလယ်ကျင့်လမ်း၏ အကျိုးရလာဒ်များကိုလည်း မိန့်ကြားတော်မူပါသည်။

က…..ဉာဏ်အလင်းပွင့်မည်

ခ……စိတ်အညစ်ကြေးကင်းစင်မည်

ဂ…..ထူးသောဉာဏ်အမြင်များရရှိမည်

ဃ….နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မည်။ ထို့ကြောင့်ပဗ္ဗဇိတတို့သည် ဤအလယ်လမ်းကျင့်စဥ်ကို ကျင့်အပ်သည်ဟု မိန့်တော်မူပါသည်။

၅။ ဒုက္ခသစ္စာ(ဆင်းရဲစစ်မှန်အမှန်တရား)

အရိယာတို့အမြင်အားဖြင့် ဤလောကသည် ဒုက္ခရှစ်မျိုးတို့ ယှက်ဖြာလွန်းထိုးနေသော လောကကြီးသာဖြစ်၏။

(က)ဇာတိဒုက္ခ=ဘဝသစ်ဖြစ်ရခြင်းဆင်းရဲ

(ခ)ဇရာဒုက္ခ=အိုဟောင်းရခြင်းဆင်းရဲ

(ဂ)ဗျာဓိဒုက္ခ=နာရခြင်းဆင်းရဲ

(ဃ)မရဏဒုက္ခ=သေရခြင်း ပျက်ရခြင်းဆင်းရဲ

(င)အပ္ပိယေဟိသမ္ပယောဂဒုက္ခ= မချစ်ရာတို့နှင့်ဆက်ဆံရခြင်းဆင်းရဲ(အမုန်းနီးဆင်းရဲ)

(စ)ပိယေဟိ ဝိပ္ပယောဂဒုက္ခ=ချစ်ရာတို့နှင့်ဝေးကွာခြင်းဆင်းရဲ(အချစ်ဝေးဆင်းရဲ)

(ဆ)ယံပိစ္ဆံနလဘတိ၊တမ္ပိဒုက္ခ=လိုတာမရဆင်းရဲ

(ဇ)ပဉ္စုပါဒါနက္ခန္ဓဒုက္ခ= ခန္ဓာငါးပါး၌စွဲလန်းမှုဆင်းရဲ(သင်္ခါရဒုက္ခ)

ဤသည်တို့ကား ဒုက္ခ၏ခေါင်းစီးအမည်တို့သာဟုမှတ်ရပါမည်။ ခေါင်းစီးတစ်ခုစီအောက်၌ မရေတွက်နိုင်သော ဒုက္ခသရုပ်တို့ကား များစွာပင်ရှိနေပါမည်။ ဇာတိချင်းတူနေသော်မှ နွားဇာတိ နှင့် လူဇာတိတို့ ဒုက္ခခံစားရပုံမတူချေ။ လူလူချင်းပင်လျှင် ဇာတိဒုက္ခဖြစ်ပုံခြင်း မတူနိုင်ပေ။ ဇရာ စသည်ကိုလည်း ဤနည်းအားဖြင့် ချဲ့ထွင်မှန်းဆနိုင်ပါသည်။

ဒုက္ခရှစ်မျိုးကို အုပ်စုခွဲ၍လေ့လာလျှင် ပို၍ အသိဉာဏ်ရှင်းနိုင်ပါသည်။

ဖြစ်စဥ်ဒုက္ခ= မွေး ၊ အို ၊ နာ ၊ သေ ။

ဆက်ဆံရေးဒုက္ခ= အမုန်းနီးဆင်းရဲ ၊ အချစ်ဝေးဆင်းရဲ ၊ လိုတာမရဆင်းရဲ

သင်္ခါရဒုက္ခ= ရုပ်နာမ်တို့၏ ဖြစ်ပျက်ဆင်းရဲ

ဒုက္ခတရားတို့ကို လက်မခံလို ငြင်းဆို၍ကားမရနိုင်ပါ။ သို့သော် သက်သာလျော့ပါးစေဖို့ကား ပြုလုပ်နိုင်ပါသည်။ မည်သို့ လျှော့နိုင်ပါသနည်း။

>>>ဖြစ်စဥ်ဒုက္ခလေးပါးကို ဆင်ခြင်မှုသံဝေဂ ဉာဏ်ဖြင့်လက်ခံပါက ပင်ပန်းမှုသက်သာစေပါသည်။ ဇာတိရလာသူမှန်သမျှ အိုရ နာရ သေရပါမည်လားဟု ဆင်ခြင်စိတ်ကိုလေ့ကျင့်ထားသင့်ပါသည်။

>>>ဆက်ဆံရေးဒုက္ခသုံးပါးကိုကား နှလုံးသားကို ဗြဟ္မစိုရ်တရားနှင့်နေတတ်အောင်လေ့ကျင့်ထားပါလျှင် ပင်ပန်းဆင်းရဲရမှုများ သက်သာစေမည်ဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့်ဆက်ဆံသောအခါ မေတ္တာဖြင့်ဆက်ဆံမည် ၊ ကရုဏာဖြင့်ဖေးမမည် ၊ မုဒိတာဖြင့် နွေးထွေးစေမည် ၊ ဥပေက္ခာနှင့် ထိန်းမတ်မည်ဆိုပါက ဆက်ဆံရေးဒုက္ခတို့သည် ဒုက္ခမှ အလှတရားသို့ပင်ပြောင်းလဲသွား စေမည်ဖြစ်ပါသည်။

>>>သင်္ခါရဒုက္ခအနေနှင့်ကား ဝိပဿနာပွားများခြင်းဖြင့် ရုပ် နာမ်တို့၏ အဖြစ်အပျက်ကို မြင်အောင် ရှုပွားရမည်ဖြစ်ပါသည်။

အထူးမှတ်ရန်ကား ဒုက္ခသစ္စာဟောချက်ရှစ်ချက်ရှိရာ ဇာတိဒုက္ခနှင့်သင်္ခါရဒုက္ခနှစ်ပါးသည် ဒုက္ခဟုနားလည်ရခက်စေပါသည်။ ထိုနှစ်ပါး သည် အကြောင်းခံဒုက္ခဖြစ် အလယ်ဒုက္ခခြောက်ပါးတို့မှာ အကျိုးဒုက္ခတို့ဖြစ်သည်ဟု နားလည်ရပါမည်။ ပြစ်မှုပြစ်ဒဏ် ကြီးမားများ ပြားသော စာချုပ်၌ လက်မှတ်ရေးထိုးမှားသလိုမျိုးဖြစ်ပါသည်။ လက်မှတ်ထိုးစဥ် ဒုက္ခမရောက်သေးသော်လည်း လက်မှတ်ထိုးပြီးနောက် လျော်ကြေးများ ပြစ်ဒဏ်များ ဆပ်၍မဆုံးပေး၍မဆုံးဖြစ်ကြပါသည်။

ဇာတိနှင့်သင်္ခါရဒုက္ခတို့သည် လက်မှတ်ထိုးခြင်းနှင့်တူ၍ အခြားဒုက္ခခြောက်ပါးမှာ လျော်ကြေးများ ပြစ်ဒဏ်များနှင့်တူပါသည်။

အထူးသိရန်တစ်ချက်မှာ မြတ်စွာဘုရားက ဒုက္ခသရုပ်ရှစ်ချက်ထုတ်ပြသော်လည်း အလေးအနက်သိစေလိုသောဒုက္ခမှာ သင်္ခါရဒုက္ခတစ်ခုသာဖြစ်ပါသည်။ ရှေ့ကဒုက္ခခုနှစ်မျိုးသည် ဘုရားမဟောပြသော်လည်း သိနားလည်နိုင်ကြပါသည်။ သင်္ခါရဒုက္ခမှာမူ မြတ်စွာဘုရားဟောပြတော်မူမှသာ သိနားလည်နိုင်ကြပါသည်။

၆။ သမုဒယသစ္စာ(ဆင်းရဲဖြစ်ကြောင်းအမှန်တရား)

အမြစ်သည် အပွင့်အသီးတို့၏အရင်းခံဖြစ်သကဲ့သို့ တဏှာခေါ် သမုဒယသစ္စာသည် ဒုက္ခတို့၏အရင်းခံဖြစ်လေ၏။ ဒုက္ခတို့သည် အမှန် စင်စစ်အားဖြင့် သမုဒယတို့၏ အသီးအပွင့်တို့သာဖြစ်လေ၏။ သမုဒယတစ်ခုရှိလျှင် ဒုက္ခတစ်ခု ၊ သမုဒယတစ်ရာရှိလျှင် ဒုက္ခတစ်ရာ စသည်ဖြင့် သမုဒယမွှေသမျှ ဒုက္ခဝေကြရမည်ဖြစ်သည်။ တဏှာသမုဒယသည်

ပေါနောဗ္ဘဝိက = ဘဝများထပ်ခါထပ်ခါဖြစ်စေနိုင်သည်

နန္ဒီရာဂသဟဂတ = အာရုံများကို စွဲလန်းစေသည်

တတြတတြာဘိနန္ဒိနီ=ရောက်ရာဘဝအာရုံ၌ပျော်မွေ့စေသည်…. ။ ထိုစွဲလန်းမှုတဏှာ၏ စွဲလန်းရာဌာနကို သုံးပါးဟုမှတ်ယူနိုင်သည်။

(က)ကာမတဏှာ= ကာမဝတ္ထုအာရုံများကိုစွဲလန်းခြင်း

(ခ)ဘဝတဏှာ=ဘဝဆက်တည်မြဲအယူ၌စွဲလန်းခြင်း

(ဂ)ဝိဘဝတဏှာ=ဘဝပြတ်အယူ၌စွဲလန်းခြင်း… တို့ဖြစ်သည်။

များသောအားဖြင့် သတ္တဝါတို့သည် ကာမတဏှာသာအဖြစ်များကြကုန်၏။ ဘဝနှင့်ဆိုင်ရာတို့မှာ အယူဝါဒတို့၌ ပျော်မွေ့တတ်သော သူတို့၌သာ ဖြစ်တတ်ပါသည်။ တဏှာ၏သဘောသည် အလွန်သိမ်မွေ့လှ၍ သတိပြုမိဖို့ခက်တတ်ပါသည်။

တဏှာနှင့်ပတ်သက်၍ မှတ်သားစရာတစ်ခုမှာ အစားထိုး၍ရခြင်းဖြစ်သည်။ ငါးကြင်းဆီနှင့်ငါးကြင်းကြော်သလို တဏှာဆီနှင့်တဏှာ ကြော်လို့ရပါသည်။ ကာမ ဘဝ တို့ကိုတပ်မက်သောတဏှာနေရာကို နိဗ္ဗာန်ကိုတပ်မက်သောတဏှာနှင့်အစားထိုးနိုင်ပါသည်။ အချုပ် အားဖြင့်တဏှာပယ်မှ ဒုက္ခတို့ဖယ်မည်ဖြစ်ပါသည်။

၇။ နိရောဓသစ္စာ(နိဗ္ဗာန်)

နိရောဓသစ္စာအရ နိဗ္ဗာန်ကိုအရကောက်ရပါသည်။ နိဗ္ဗာန်သည် ဘယ်မှာနည်း ၊ ဘယ်ပုံစံနည်းစသည်ဖြင့် မေးစရာများရှိပါသည်။ သာမန်ဘာသာဝင်တို့က နိဗ္ဗာန်သည် ကောင်းကင်အမြင့်ကြီးရဲ့တစ်နေရာရာမှာရှိသော အလွန်ခမ်းနားသောဘုံကြီးတစ်ခုဟု နားလည် တတ်ကြပါသည်။ ထာဝရမအို ထာဝရမနာ ထာဝရမသေပဲ ထာဝရအပျော်စံစားရာဘုံတစ်ခုအဖြစ်မှတ်ယူတတ်ကြပါသည်။ ထို့သို့ကား မဟုတ်ပါ။ မြတ်စွာဘုရားကအရှင်းဆုံးဟောထားပါသည်။

(က) တဏှာယ အသေသဝိရာဂနိရောဓော= တဏှာ၏အကြွင်းမဲ့ချုပ်ခြင်း

(ခ)စာဂ၊ပဋိနိဿဂ္ဂ= စွန့်ပယ်ခြင်း

(ဂ)မုတ္တိ= လွှတ်ခြင်း

(ဃ)အနာလယ=မတွယ်တာခြင်း….တို့ဖြစ်ပါသည်။

မီးတောက်လေးငြိမ်းရာ အငြိမ်းဓာတ်ပေါ်လာသကဲ့သို့ တဏှာချုပ်ငြိမ်းရာ၌ နိဗ္ဗာနဓာတ်ပေါ်လာခြင်းဖြစ်သည်။ ထိုနိဗ္ဗာန်သည် တဏှာနှင့် ဆန့်ကျင်ဘက်သဘောရှိပါသည်။သိမ်းပိုက်ခြင်းမရှိ၊ ဆုပ်ကိုင်ထားခြင်းမရှိ၊ ကပ်ငြိနေခြင်းမရှိပါ။နိဗ္ဗာန်သည် ဘုံဌာနမဟုတ်ပါ။ အငြိမ်းဓာတ်သဘာဝမျှသာဖြစ်ပါသည်။

မဂ္ဂသစ္စာကား ကျင့်စဥ်ရှစ်ခုပါသော မဇ္ဈိမပဋိပဒါအကျင့်လမ်းဖြစ်သည်။ သိက္ခာသုံးပါးနာမည်ဖြင့်ခွဲလျှင် သီလ /သမာဓိ/ ပညာ ဟု သုံးအုပ်စုကွဲသည်

သီလအုပ်စု……..သမ္မာဝါစာ /သမ္မာကမ္မန္တ/သမ္မာအာဇီဝ

သမာဓိအုပ်စု…..သမ္မာဝါယာမ/သမ္မာသတိ/သမ္မာသမာဓိ

ပညာအုပ်စု…….သမ္မာဒိဋ္ဌိ/သမ္မာသင်္ကပ္ပ ။

ဤအစဥ်အတိုင်းလေ့လာလျှင် ပို၍ ရှင်းလင်းလွယ်ကူသည်။

၈။ သမ္မာဝါစာ

ပတ်ဝန်းကျင်နှင့် ဆက်ဆံသောအခါ စကားပြောဆိုမှုသည် အလွန်အရာကျယ်ပါသည်။ မိမိတို့၏ နှုတ်ထွက်စကားများကို မှန်သောစကား ဖြစ်အောင်ပြောဆိုခြင်းသည် သမ္မာဝါစာမည်ပါသည်။

လောကသဘာဝအားဖြင့်မိမိတို့ပြောစကားကို မိမိတို့ဘာသာ မှန်သည်ကောင်းသည်ဟု မှတ်ယူတတ်ကြပါသည်။ သူကောင်း ကိုယ်ကောင်း ငြင်းရတတ်ပါသည်။ ထိုသို့အငြင်းမပွားရစေပဲ မူလသဘာဝအားဖြင့် အမှန်အကောင်း ခွဲခြားနိုင်ဖို့ မဂ္ဂင်ထိုက်သောစကားဖြစ်ဖို့ စကားပြော ဆိုရာ၌ ရှောင်ရန်လေးချက် ဆောင်ရန်လေးချက်ကို သိထားရပါမည်။

ရှောင်ရန်လေးချက်မှာ……..

(က)မုသာဝါဒ=မမှန်သောစကား

(ခ)ပိသုဏဝါစာ=ကုန်းတိုက် သွေးခွဲစကား

(ဂ)ဖရုသဝါစာ=ကြမ်းရိုင်းသောစကား

(ဃ)သမ္ဖပ္ပလာပ= အကျိုးမရှိသောစကား…….တို့ဖြစ်သည်။

ဆောင်ရန်လေးချက်မှာ………

(က)သစ္စယဝါဒ= မှန်ကန်သည့်စကား

(ခ) သမဂ္ဂရာမ= ချစ်ကြည် ညီညွတ်ရေးစကား

(ဂ)နေလာကဏ္ဏသုခ= ယဥ်ကျေးချိုသာ နားအရသာရှိသောစကား

(ဃ)အတ္ထဝါဒ= နေရာ အချိန်အလိုက်အကျိုးရှိသောစကား………တို့ဖြစ်သည်။

စကားအရာ၌ ရှောင်ရန်လေးချက်ကိုရှောင်၍ ဆောင်ရန်လေးချက်ကိုပြည့်စုံစေလျှင် မဇ္ဈိမလမ်းသို့ ပဌမခြေလှမ်းချနိုင်ပြီဟုဆိုနိုင်ပါသည်။ စကားတို့ကို မဂ္ဂင်ထိုက်စေပြီဟုဆိုနိုင်ပါသည်။ မဂ္ဂင်ထိုက်သောဝစီကံဟုလည်း နားလည်နိုင်ပါသည်။

၉။ သမ္မာကမ္မန္တ

သီလမဂ္ဂင်၏ ဒုတိယမဂ္ဂင်မှာ သမ္မာကမ္မန္တ ဖြစ်ပါသည်။ မှန်သောပြုမူခြင်း ဟုအဓိပ္ပါယ်ရပါသည်။ မည်သို့ပြုမူခြင်းတို့သည်မှန်ပါသနည်း။ အင်္ဂါသတ်မှတ်ချက် တို့ရှိပါသည်။

ရှောင်ရန်သုံးချက်……….

(က)ပါဏာတိပါတ= သူ့အသက်ကိုတိုစေခြင်း

(ခ)အဒိန္နာဒါန= မပေးဥစ္စာယူခြင်း

(ဂ)ကာမေသုမိစ္ဆာစာရ= ကာမအရာမှားယွင်းခြင်း…..တို့ဖြစ်သည်။ ဤသုံးပါးကိုရှောင်ကြဥ်နိုင်လျှင်မဂ္ဂင်ထိုက်သောကာယကံဟုခေါ်နိုင်ပါသည် ။ မဇ္ဈိမလမ်းသို့ ဒုတိယခြေလှမ်းချနိုင်ပြီဖြစ်ပါသည်။

၁၀။ သမ္မာအာဇီဝ

နေ့စဥ်လူနေမှုဘဝအချိန်ကို နှစ်ပိုင်းခွဲနားလည်ရပါမည်။ သာမန်နေထိုင်မှုအချိန်နှင့် အသက်မွေးလုပ်ငန်းလုပ်နေချိန်ဖြစ်ပါသည်။ သာမန်ချိန်နှင့် လုပ်ငန်းချိန်ဟု အတိုမှတ်ထားပါ။

သာမန်အချိန်၌ အထက်မှာပြခဲ့ပြီးသော ဝစီကံနှင့် ကာယကံတို့ကို မဂ္ဂင်ထိုက်အောင်ကျင့်သုံးမှုကို သမ္မာဝါစာ နှင့် သမ္မာကမ္မန္တ ဟုဆို၍ လုပ်ငန်းချိန်၌ ဝစီကံနှင့် ကာယကံကို မဂ္ဂင်ထိုက်အောင်ကျင့်သုံးခြင်းကို သမ္မာအာဇီဝဟုဆိုပါသည်။ အကျဥ်းဤသို့မှတ်နိုင်ပါသည်။

သာမန်ချိန် မဂ္ဂင်ထိုက်သောဝစီကံသည် သမ္မာဝါစာ ။

သာမန်ချိန် မဂ္ဂင်ထိုက်သောကာယကံသည် သမ္မာကမ္မန္တ။

လုပ်ငန်းချိန် မဂ္ဂင်ထိုက်သော ဝစီကံနှင့်ကာယကံသည် သမ္မာအာဇီဝ ။

လုပ်ငန်းအချိန်၌ ကာယကံ ဝစီကံတို့ကို မဂ္ဂင်ထိုက်စေဖို့ဆိုသည်မှာ သာမန်ချိန်ထက် များစွာခက်ခဲလှပါသည်။ အချိန်များစွာယူ၍ တည်ဆောက်တတ်ရပါသည်။ ဤသို့တည်ဆောက်၍ သမ္မာအာဇီဝ မဂ္ဂင်ဖြစ်လျှင် မဇ္ဈိမလမ်းသို့ တတိယခြေလှမ်းချနိုင်ပါပြီ။ လမ်း၏ သုံးချိုးတစ်ချိုးခရီးကို လျှောက်ခဲ့ပြီးပြီဟု မှတ်ယူနိုင်ပါသည်။

၁၁။ သမ္မာဝါယာမ

သမာဓိမဂ္ဂင်သုံးပါး၏ ပထမမဂ္ဂင်မှာ သမ္မာဝါယာမ ဖြစ်ပါသည်။ မှန်စွာအားထုတ်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ဤမဂ္ဂင်ကို အကုသိုလ် ကုသိုလ်နှစ်ခုအပေါ် အခြေတည်၍ ဖွင့်ဆိုထားပါသည်။

အကုသိုလ်အရာ၌ အားထုတ်မှုနှစ်ရပ်၊ကုသိုလ်အရာ၌ အားထုတ်မှု အားထုတ်မှု နှစ်ဆင့်ရှိပါသည်။

(က)မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင်အားထုတ်ခြင်း

(ခ)ဖြစ်ထားတဲ့အကုသိုလ်တွေကို ပယ်နိုင်အောင်အားထုတ်ခြင်း

(ဂ) မဖြစ်သေးတဲ့ကုသိုလ်တွေကို ဖြစ်အောင်အားထုတ်ခြင်း

(ဃ)ဖြစ်ထားပြီးကုသိုလ်များကို ပွားများပြည့်စုံအောင်အားထုတ်ခြင်း

ဤအားထုတ်ခြင်းလေးမျိုးကို သမ္မာဝါယာမဟု ခေါ်ပါသည်။ အကျဥ်းအားဖြင့် အကုသိုလ်တရားကို နည်းစေကုန်စေအောင်အားထုတ်၍ ကုသိုလ်တရားကိုများစေပြည့်စုံစေဖို့အားထုတ်ခြင်းဖြစ်ပါသည်။ ဤမဂ္ဂင်သည် မဇ္ဈိမလမ်း၌ စတုတ္ထခြေလှမ်းချခြင်းဖြစ်ပါသည်။

၁၂။ သမ္မာသတိ

သမာဓိမဂ္ဂင်သုံးပါး၏ ဒုတိယမဂ္ဂင်မှာ သမ္မာသတိဖြစ်ပါသည်။ မှန်သော စောင့်ကြည့်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ သတ္တဝါတို့သည် သတိပြု စောင့်ကြည့်မှုမရှိပဲ ဘဝအဆက်ဆက်နေလာကြ၍ သံသရာကို ဘရိတ်အုပ်နိုင်ခြင်းမရှိခဲ့ပေ။ သတိသည် စိတ်ဘရိတ်ဖြစ်သည်။ ဘရိတ် အုပ်ချက် မိလေလေ အရှိန်သည်လျော့လေလေဖြစ်၏။ အရှိန်မြန်၍ မမြင်ခဲ့ရသော မြင်ကွင်းများသည် အရှိန်နှေးတုံ့လာသောအခါ ပီပီ သသ မြင်လာရ၏။ ကျကျနန မြင်လာရ၏။ အမြင်ရှင်းလေလေ အမှန်ကို သိလေလေဖြစ်၏။ အမှန်ကိုသိဖို့ သတိဖြင့် စောင့်ကြည့်မှု သည် အရေးကြီးဆုံးဖြစ်၏။ စောင့်ကြည့်ရမည့်ဌာန လေးခုဟု ဟောကြားခဲ့ပါသည်။

(က)ကာယ= ကိုယ်အမူရာတို့ကို စောင့်ကြည့်ခြင်း

(ခ)စိတ္တ= စိတ်အမူရာတို့ကို စောင့်ကြည့်ခြင်း

(ဂ)ဝေဒနါ= ခံစားချက်များကို စောင့်ကြည့်ခြင်း

(ဃ)ဓမ္မ=အာရုံနှင့်ဒွါရထိခိုက်မှုသဘာဝများကိုစောင့်ကြည့်ခြင်း……..တို့ဖြစ်သည်။

ဤလေးဌာနမှ ဌာနတစ်ခုခုကို စောင့်ကြည့်ခြင့်အလေ့ကို တည်ဆောက်နိုင်ပြီဆိုပါလျှင် မဇ္ဈိမလမ်းအပေါ် ပဉ္မမခြေလှမ်းချခြင်း ဖြစ်ပါ သည်။ စောင့်ကြည့်ပုံအကျယ်ကိုကား မဟာသတိပဋ္ဌာနသုတ်တော်၌ သီခြားလေ့လာမှပြည့်စုံနိုင်ပါမည်။

၁၃။ သမ္မာသမာဓိ

သမာဓိမဂ္ဂင်သုံးပါး၏ တတိယမဂ္ဂင်မှာ သမ္မာသမာဓိ ဖြစ်ပါသည်။ မှန်သောစူးစိုက်တည်ကြည်မှုဟု မှတ်ရပါမည်။ သတ္တဝါတို့၏စိတ်သည် အာရုံထောင်ပေါင်းများစွာသို့ စီးဖြာနေတတ်ကြပါသည်။ တစ်ခဏလေးအတွင်းမှာပင် အာရုံများစွာဆီသို့ ပြေးဝင်နိုင်စွမ်းရှိပါသည်။ ထိုသို့ အာရုံပေါင်းများစွာသော စီးဖြာနေသောကြောင့် စိတ်၏အင်အားတို့သည် ပြန့်ကျဲကာ စွမ်းအားမဲ့နေပါသည်။ ပြန့်ကျဲနေသောစိတ် အင်အား များကို စုစည်းဖို့ အာရုံများကိုလျှော့ချဖို့ကြိုးစားရမည်။ အာရုံများကို လျှော့ချလေလေ စိတ်သည်စုစည်းလေလေ၊ စိတ်စုစည်း လေလေ စွမ်းအား စူးချွန်လေလေဖြစ်၏။ စူးချွန်လာသောစိတ်သည် တစ်ခုတည်းသောအာရုံ၌ စူးနစ်တည်နိုင်လာ၏။ ထိုသို့ စူး၍ စိုက်၍ နစ်ဝင်နေ တတ်သောစိတ်ကို သမ္မာသမာဓိဟုခေါ်သည်။ ထိုသမ္မာသမာဓိ၏ စူးနစ်ဝင်နိုင်စွမ်း.ဖောက်ထွင်းနိုင်စွမ်းအကူညီရမှသာ အထက်ပညာမဂ္ဂင် တို့သည် လုပ်ငန်းအောင်မြင်အောင်လုပ်နိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် ဤသမ္မာသမာဓိမဂ္ဂင်ကို မဖြစ်မနေပွားများရပါမည်။ ဤမဂ္ဂင်သည် မဇ္ဈိမလမ်း၌ ဆဋ္ဌခြေလှမ်းဖြစ်ပါသည်။

၁၄။ သမ္မာဒိဋ္ဌိ

ပညာမဂ္ဂင် နှစ်ပါးတွင် ပထမမဂ္ဂင်မှာ သမ္မာဒိဋ္ဌိဖြစ်သည်။ မှန်စွာမြင်ခြင်းဟု အဓိပ္ပါယ်ရသည်။

မဂ္ဂင်ရှစ်ပါးတွင် ဤမဂ္ဂင်သည် အရာအကျယ်ဆုံးဟုဆိုနိုင်သည်။သမ္မာဒိဋ္ဌိ ခြောက်မျိုးလာရှိသည်။

(က)ကမ္မဿကတာ သမ္မာဒိဋ္ဌိ

(ခ)စျာန သမ္မာဒိဋ္ဌိ

(ဂ)ဝိပဿနာ သမ္မာဒိဋ္ဌိ

(ဃ)မဂ္ဂ သမ္မာဒိဋ္ဌိ

(စ)ဖလ သမ္မာဒိဋ္ဌိ

(ဆ) ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ….. တို့ဖြစ်သည်။

ဤသမ္မာဒိဋ္ဌိခြောက်ပါးတို့တွင် ကမ္မဿကတာသမ္မာဒိဋ္ဌိ သည် သီလမဂ္ဂင်အုပ်စုမှာကတည်းကပြည့်စုံပြီးသားဖြစ်ရသည်။ စျာန„ဝိပဿနာ သမ္မာဒိဋ္ဌိတို့သည် သမာဓိမဂ္ဂင်အုပ်စု၌ ပြည့်စုံစေရသည်။

မဂ္ဂ„ဖလ„ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိတို့ကား ပညာမဂ္ဂင်၌ ပေါ်ထွက်လာရသည်။ ကမ္မ သည်အနု ၊ စျာန နှင့်ဝိပဿနာသည် အရင့် ၊ မဂ္ဂ ဖလ ပစ္စဝေကခဏာတို့ကား အမှည့် ဤသို့ အနု အရင့် အမှည့်ဟု လွယ်အောင်မှတ်သားနိုင်သည်။ အနု အရင့် တို့သည် အကြောင်းမဂ္ဂင်များ ဖြစ်၍ အမှည့်သည် အကျိုးမဂ္ဂင်ဖြစ်ပါသည်။ ဤသည်ကား မဇ္ဈိမလမ်း၌ သတ္တမခြေချခြင်းဖြစ်ပါသည်။

၁၅။ သမ္မာသင်္ကပ္ပ

မှန်သော အတွေးအကြံ ဟူသော သမ္မာသင်္ကပ္ပမဂ္ဂင်သည် ပညာမဂ္ဂင်၏ ဒုတိယမဂ္ဂင်ဖြစ်သည်။ သတ္တဝါတို့သည် မျာသေားအားဖြင့် ကာမသင်္ကပ္ပ(ပျော်ပါးရေးအတွေး)၊ ဗျာပါဒသင်္ကပ္ပ(သတ်ဖြတ်ရေးအတွေး)၊ ဝိဟိံသသင်္ကပ္ပ(နှိပ်စက်ရေးအတွေး) ဟု မိစ္ဆာသင်္ကပ္ပ (အတွေးမှား)များနှင့် နေတတ်ကြသည်။ ထိုအတွေးတို့နှင့်ဆန့်ကျင်စွာ…..

(က) နေက္ခမ္မသင်္ကပ္ပ=ကာမဂုဏ်အာရုံတို့မှ ထွက်မြောက်ရေးအတွေး

(ခ)အဗျာပါသင်္ကပ္ပ= မသေစေရေး ချမ်းသာရေး မေတ္တာအတွေး

(ဂ)အဝိဟိံသာသင်္ကပ္ပ= မနှိပ်စက်ရေး စောင့်ရှောက်ရေး ကရုဏာအတွေး

တို့ တွေးနေခြင်းကို သမ္မာသင်္ကပ္ပဟုခေါ်ပါသည်။ ဤမဂ္ဂင်သည် မဇ္ဈိမလမ်း၌ အဋ္ဌ ခြေလှမ်းချခြင်းဖြစ်ပါသည်။

စာသဘောအရ မဂ္ဂင်ရှစ်ပါးကို တစ်ပါးချင်းရှင်းပြနေရသော်လည်း ကျင့်စဥ်သဘာဝမှာဖြင့် မဂ္ဂင်ရှစ်ပါးတို့သည် တပြိုင်နက် ပေါင်းစီးပြု လုပ်နိုင်ကြပါသည်။ ဤမဂ္ဂင်ရှစ်ပါးကို ပွားများခြင်းသည်ပင် မဇ္ဈိမပဋိပဒါလမ်း၌ လျှောက်လှမ်းခြင်းဖြစ်ပါသည်။

သစ္စာလေးပါးကို ဟောကြားပြီးနောက် ထိုသစ္စာတရားတစ်ပါးတစ်ပါးစီ၌ ဆောင်ရွက်ရမည့် ကိစ္စတို့ကိုလည်း ဆက်လက်ဟောကြား တော်မူပါသည်။ အမှန်အားဖြင့် သစ္စာတစ်ပါးတစ်ပါးစီ၌ သစ္စဉာဏ်„ကိစ္စဉာဏ်„ကတဉာဏ် ဟု ဉာဏ်သုံးပါးစီရှိပါသည်။ ထိုသို့ သစ္စာ တစ်ပါး တစ်ပါးစီ၌ ဉာဏ်သုံးမျိုးဖြင့် သိမြင်ခဲ့ပြီးမှသာ ဘုရားဟုဝန်ခံကြောင်းကိုလည်း မိန့်တော်မူပါသည်။

(က)သစ္စဉာဏ်…..ဆိုသည်မှာ ဒုက္ခ ကို ဒုက္ခဟုအမှန်သိခြင်း၊ သမုဒယကို သမုဒယဟုအမှန်သိခြင်း ၊ နိရောဓကို နိရောဓဟုအမှန်သိခြင်း ၊ မဂ္ဂ ကို မဂ္ဂ အမှန်သိမြင်ခြင်းတို့ဖြစ်ပါသည်။

(ခ) ကိစ္စဉာဏ်…..ဆိုသည်မှာ ထိုသစ္စာတစ်ပါးချင်းစီ၌ ဆောင်ရွက်ရမည်တို့ကိုသိသောဉာဏ်ဖြစ်ပါသည်။ နောက်၌အကျယ်ဆိုပါမည်။

(ဂ)ကတဉာဏ်…..ဆိုသည်မှာ ထိုသစ္စာတစ်ပါးချင်းစီ၌ ဆောင်ရွက်စရာအာလုံး၏ ပြီးစီးခြင်းကို သိသောဉာဏ်ဖြစ်ပါသည်။

ပြဿနာကိုမြင်သည် ၊ ဘယ်သို့ဖြေရှင်းရမည်ဟုသိသည် ၊ သိသည့်အတိုင်းဖြေရှင်းလိုက်နိုင်သည်ဟု မှတ်နိုင်ပါသည်။ ထိုဉာဏ်သုံးပါး၌ အဓိကဖြစ်သော ကိစ္စဉာဏ်ကိုသာ အကျယ်ရှင်းပါမည်။

၁၆။ ပရိညေယျ

ဒုက္ခသစ္စာနှင့်ပတ်သက်၍ ဆောင်ရွက်ရမည်မှာ ဒုက္ခတရားတို့ကို ပိုင်ပိုင်နိုင်နိုင် ကွဲကွဲပြားပြား ကွက်ကွက်ကွင်းကွင်း သိအောင် အားထုတ် ရမည်ဖြစ်ပါသည်။ မိမိ၏ဉာဏ်မျက်လုံးဖြင့် မိမိကိုယ်တိုင် ရှင်းလင်းစွာသိမြင်စေရပါမည်။ ထိုသို့သိခြင်းကို ပရိညေယျ= ပိုင်းခြား၍ သိသည်ဟုဆိုပါသည်။ ဒုက္ခသစ္စာရှစ်ချက်၌ နောက်ဆုံးဖြစ်သည့် သင်္ခါရဒုက္ခကို ရုပ်နာမ်တို့၏အဖြစ်ပျက်ကို ခန္ဓာဉာဏ်ရောက်သိအောင် အားထုတ်ရမည်ဟုဆိုလိုသည်။

၁၇။ ပဟီန

ဒုက္ခ၏မိခင်ဖြစ်သော သမုဒယသစ္စာကိုကား အဆင့်ဆင့်ပယ်သတ်ရပါမည်။ သမုဒယကို မပယ်သတ်သမျှ ဒုက္ခသည် အကိုင်းအခက်ဝေ ပွားစီးနေမည်ဖြစ်ပါသည်။ ပယ်သတ်ခြင်းကို ပဟီနဟုခေါ်ပါသည်။

၁၈။ သစ္ဆိကတ

 နိရောဓဟု ခေါ်ပါသည်။ နိဗ္ဗာန်ဟုလည်း ခေါ်ပါသည်။ ထိုနိဗ္ဗာန်ကိုကား မျက်မျောက်ပြုနိုင်ရပါမည်။ မျက်မှောက်ပြုခြင်းကို သစ္ဆိကတ ဟုခေါ်ပါသည်။ ပို၍ရှင်းအောင်ဆိုရပါမူ နိဗ္ဗာန်ကို အလိုရှိတိုင်း အာရုံပြုနိုင်ရမည်ဟုဆိုလိုပါသည်။ နိဗ္ဗာနဓာတ်၏ ငြိမ်းအေးမှုကို ခံစား နိုင်ရမည်ဟုဆိုလိုပါသည်။

၁၉။ ဘာဝနာ

မဂ္ဂသစ္စာကိုကား ပွာများရပါမည်။ မဂ္ဂင်တရားတို့ ထက်သထက်ထက်မြလာအောင် အားကောင်းသထက်ကောင်းလာအောင် ဆိုခဲ့ပြီး ကျင့်စဥ်ရှစ်ရပ်ကို ပွားများကျင့်ကြံနေရပါမည်။ ပွားများခြင်းကို ဘာဝနာဟုခေါ်ပါသည်။ အမှန်အားဖြင့် မဂ္ဂသစ္စာကိုပွားများခြင်းသည် တစ်ချက်ခုတ် ငါးချက်ပြတ်ဖြစ်ပါသည်။ မဂ္ဂသစ္စာကိုပွားများစေပါက ဒုက္ခသစ္စာကိုအလိုလိုပိုင်းခြားသိသွားမည်၊ သမုဒယသစ္စာကို အလိုလိုပယ်သတ်ပြီးဖြစ်သွားမည် ၊ နိရောဓသစ္စာကို အာရုံပြုပြီးသားလည်းဖြစ်သွားမည်ဖြစ်ပါသည်။ ရှေ့၌ဆိုခဲ့သော အစွန်းနှစ်ပါးကို လည်း ရှောင်ပြီးဖြစ်ပါသည်။

အချုပ်အားဖြင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုသော ပဗ္ဗဇိတတို့သည် လုပ်ဆောင်ရန်တစ်ခုသာရှိပါသည်။

“”မဂ္ဂသစ္စာကိုပွားများပါ”” ။ ။

အထက်ပါ ဖော်ပြခဲ့ပြီးစကားလုံး (၁၉) လုံးသည် ဓမ္မစကြာသုတ်တော်၏ အဓိကကျသော စကားတို့ဖြစ်ပါသည်။ ဤဆယ့်ကိုးလုံးကို နားလည်လျှင် သုတ်တော်ကိုနားလည်နိုင်ပါပြီ။ ဤသုတ်၏နောက်ဆက်တွဲအဖြစ် သင်္ဂါယနာမထေရ်တို့ မှတ်တမ်းတင်ခဲ့သည်ကိုလည်း မှတ်သားသင့်ပါသည်။ သုတ်တော်ဟောကြားပြီးသည်၏အဆုံး၌……..

ပဉ္စဝဂ္ဂီတို့ နှစ်သက်စိတ်ဖြင့်သာဓုခေါ်ကြသည်။

အရှင်ကောဏ္ဍညမထေရ် သောတာပန်ဖြစ်သည်။

ဓမ္မစက်လည်ပြီဖြစ်ကြောင်း မြေစောင့်နတ်မှစ၍ နတ်အဆင့်ဆင့်ကြွေးကြော်သံသည် အကနိဋ္ဌဗြဟ္မာဘုံအထိ ပျံ့နှံ့ခဲ့သည် ။

>>> မြတ်စွာဘုရားက “”အညာသိ ဝတ ဘော ကောဏ္ဍညော “” ကောဏ္ဍညမထေရ် တရားထူးရပြီမြင်ပြီဟု ဥဒါန်းကျူးရင့်သည်။

>>> ကောဏ္ဍညမထေရ်က ရဟန်းဖြစ်ခွင့်တောင်းသည်။

>>> မြတ်စွာဘုရားက “”ဧဟိ ဘိက္ခူ”” ခေါ်၍ ရဟန်းဖြစ်စေခဲ့သည်။

ဤမျှဆိုပါလျှင် ဓမ္မစကြာသုတ်တော်ကို နားလည်ခံစားနိုင်ပါပြီ။ သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးအကျင့်ကို နားလည်သဘောက်နိုင်ပါပြီ။ နားလည်ကြသည့်အတိုင်း ကျင့်သုံကြပါစို့ဟု မဇ္ဈိမခေါ်သံ ပြုလိုက်ရပါသည်။

မဟာစည်ဆရာတော်၏ ဓမ္မစကြာတရားတော်စာအုပ်ကို အထူးပြုမှီငြမ်းပါသည်။

မောင်ရဟန်းသာသနာ့ရင်ခွင်/စာကို chirstonawba ခံစားတင်ပြသည်။ ပြိုင်ပွဲဝင်ထားသောစာဖြစ်သည် ကိုဗစ်ကြောင့်မစောင့်နိုင်သဖြင့် တင်ပြလိုက်သည်။

Continue reading “သစ္စာလေးပါးနှင့်မဂ္ဂင်ရှစ်ပါးအကျင့်လမ်း”

ဗုဒ္ဓကဗျာများ

အရဟံ

ဖူးပွင့်သိန်းသန်း ရောင်စုံဆန်းလည်း

ပန်းတို့မာန ခဝါချ၍

ဗုဒ္ဓခြေတော် ဉီး‌ခိုက်မျှော်သည်

ပူဇော်ထိုက်သော မြတ်ဘုရား

ပန်းထက်သင်းသည့် မြတ်ယောကျ်ား။

ကြစင်သိန်းသန်း ရောင်ဖြာတန်းလျှင်

ကြယ်စင်မာန ခဝါချ၍

ဗုဒ္ဓခြေတော် ဦးခိုက်မျှော်သည်

ပူဇော်ထိုက်သော မြတ်ဘုရား။

ကြယ်ထက်လင်းသည့် မြတ်ယောကျ်ား။

သိန်းသန်းငွေနှင်း ဖြူသန့်ရှင်းလည်း

နှင်းတို့မာန ခဝါချ၍

ဗုဒ္ဓခြေတော် ဦးခိုက်မျှောက်သည်

ပူဇော်ထိုက်သော မြတ်ယောကျ်ား။

လူမင်းနတ်မင်း ဗြဟ္မာမင်းဟု

မင်းတို့သိန်းသန်း ဘုံမြင့်နန်းလည်း

နန်းထက်မာန ခဝါချ၍

ဗုဒ္ဓခြေတော် ဦးခိုက်မျှောက်သည်

ပူဇော်ထိုက်သော မြတ်ယောကျ်ား။

နန်းထက်ဝင်းသည့် မြတ်ယောကျ်ား။         ။

သမ္မာသမ္ဗုဒ္ဓေါ

ပန်းတိုစကား တစ်ဆင့်ကြား၍

တရားသိသည် မဟုတ်လေ။

ငှက်တို့အပြော ထိုသ‌ဘော၌

မနောကျသည် မဟုတ်လေ

ဗြဟ္မာလူနတ် သင်ကြားအပ်၍

တက်သိခဲ့သည် မဟုတ်လေ။

ဒုက္ခ၊သမုဒယ၊နိရောဓ၊ မဂ္ဂ

သစ္စာလေးတန် ဓမ္မက္ခန်ကို

သယံအဘိညာ ကိုယ်တိုင်သာဟု

ကောင်းစွာသိခဲ့ မြတ်ဘုရား။

ဗြဟ္မာလူနတ် ဦးညွှတ်တွား။

သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ပွား။

သာသနာ့နိဒါန်း

ဉရုဝေဠ တောဌာန၌

ဒုက္ကရစရိယာ နည်းဗျူဟာဖြင့်

သစ္စာလေးဖြာ ရှာစဉ်ခါက

ဘာသာကွဲပြား လူမျိုးခြားတို့

စားဖို့ပေးလှူ ဆွမ်းကိုယူ၍

လူနတ်ထွက်ထား မြတ်ယောကျ်ားဟု

ဘုရားဖြစ်ခဲ့ရလေ၏။

ဘုရားမြတ်စွာ ရဟန္တာတို့

သာသနာအစ ထိုကာလ၌

ဗုဒ္ဓဘာသာ မရှိပါဘူး

ဘာသာကွဲပြား လူမျိုးခြားတို့

စားဖို့ပေးလှူ ဝိုင်းဝန်းကူ၍

အားယူရုန်းထ ဒီလောက၌

ဗုဒ္ဓဘာသာ ပေါ်ထွန်းလာသည်

သာသနာ၏ နိဒါန်းတည်း။            ။

မောင်ရဟန်းသာသနာ့ရင်ခွင်/ chirstonawba ခံစားတင်ပြသည်။

သာသနာတော် ဆင်းသက်လာပုံ အစဉ်အဆက်

သာသနာတော် ဆင်းသက်လာပုံ အစဉ်အဆက်

            မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောကာလမှနောက် အနှစ်(၁၀၀)အတွင်း၌ ဘုရားသာသနာတော်တွင် ဝါဒကွဲပြားခြင်းမည်သည် တစ်စုံတစ်ခါမျှမရှိခဲ့ခြေ။ အနှစ်တစ်ရာကြာလာသော် ဒုတိယသံဂါယနာတင် မထေရ်မြတ်တို့က နှင်ထုတ်လိုက်သော ဝဇ္ဇီတိုင်းသားရဟန်း တို့သည် အသင်းအဖွဲ့စုကာ တရားတော် ဝိနည်းတော်တို့ကို တမျိုးတမည်ပြောင်း၍ မဟာသင်္ဂီတိဟူသောအမည်ဖြင့် သီးခြားသံဂါယနာ တင်ကြသည်။

            ထိုအခါ ပထမ-ဒုတိယ သံဂါယနာတင် ရှေးတရားတော်များနှင့် ဝိနည်းကိုသာလက်ခံသော မထေရ်အပေါင်းတို့က ထေရဝါဒဂိုဏ်း ဟူ၍လည်းကောင်း၊ တခြားမထေရ်တို့က မဟာသင်္ဃီတိဂိုဏ်းဟူ၍ လည်းကောင်း ကွဲပြားလာခဲ့ပြန်သည်။

            ထို့နောက်တဖန် မဟာသင်္ဃီတိဂိုဏ်းမှ ((၁)ဂေါကူလိကဂိုဏ်း (၂) ဧကဗျောဟာရိကဂိုဏ်း ) နှစ်ဂိုဏ်းကွဲပြန်သည်။

            (၁) ဂေါကူလိကဂိုဏ်းမှ â(၁) ပညတ္တိဝါဒဂိုဏ်း (၂) ဗာဟုလိကဂိုဏ်း ဟူ၍ ကွဲကြပြန်ပြီ။

နောက်တဖန် ကွဲကြပြန်ပြီ (၂) ဗာဟုလိကဂိုဏ်းမှ â(က) စေတိယဝါဒီဂိုဏ်း မွေးဖွားပြန်ပြီ။

ဤသို့လျှင်မူလ   (က) မဟာသင်္ဃီတိဂိုဏ်း

                       (ခ) ဂေါကူလိကဂိုဏ်း

                       (ဂ) ဧကဗျောဟာရိကဂိုဏ်း

                       (ဃ) ပညတ္တိဝါဒဂိုဏ်း

                       (င) ဗာဟုလိကဂိုဏ်း

                       (စ) စေတိယဝါဒီဂိုဏ်း ဆိုပြီး ဂိုဏ်း‌ပေါင်း (၆)ဂိုဏ်းပေါ်ထွန်းလာခဲ့ပြီ။

ပထမ-ဒုတိယ သံဂါယနာတင်မထေရ်တို့၏ ထေရဝါဒဂိုဏ်းမှလည်း ဆက်လက်၍ခွဲထွက်ကြပြန်သည်၊

ထေရဝါဒဂိုဏ်းမှ           (၁) မဟိသာသကဂိုဏ်း (၂) ဝဇ္ဇီပုတ္တကဂိုဏ်း နှစ်ဂိုဏ်းကွဲထွက်သွားသည်။

            ”’ ထို့နောက်တဖန် (၁) မဟိသာသကဂိုဏ်းမှ   (၁) သဗ္ဗတ္ထိဝါဒဂိုဏ်း (၂) ဓမ္မဂုတ္တိဂိုဏ်း ဟူ၍ နှစ်ဂိုဏ်းကွဲပြဲကြပြန်ပြီ။

            မပြီးသေး သဗ္ဗတ္ထိဝါဒဂိုဏ်းမှလည်း (၁) ကဿပိယဂိုဏ်း ကွဲထွက်ပြန်သည်။

နောက်တဖန် – ကဿပိယဂိုဏ်းမှလည်း သင်္ကန္တိကဂိုဏ်း ကွဲထွက်ပြန်သည်။

နောက်တဖန် – သင်္ကန္တိကဂိုဏ်းမှလည်း သုတ္တဝါဒီဂိုဏ်း ကွဲလာပြန်သည်။ “‘

(၂) ဝဇ္ဇီပုတ္တကဂိုဏ်းမှလည်း (က) ဓမ္မောတ္တိယဂိုဏ်း ၊ (ခ) ဘဒ္ဒယာနိကဂိုဏ်း (ဂ) ဆန္နာဂါရိကဂိုဏ်း (ဃ) သမ္မိတိယဂိုဏ်း ဆိုပြီး (၄)ဂိုဏ်းကွဲကြပြန်ပြီ ။

            ဤသို့ဆိုလျှင် စင်ကြယ်သည့် ထေရဝါဒဂိုဏ်းမှ အောက်ကွဲထွက်လာသည်…

(၁) ထေရဝါဒဂိုဏ်း

(၂) မဟိသာသကဂိုဏ်း

(၃) ဝဇ္ဇီပုတ္တကဂိုဏ်း

(၄) သဗ္ဗတ္ထိဝါဒဂိုဏ်း

(၅) ဓမ္မဂုတ္တိဂိုဏ်း

(၆) ကဿပိယဂိုဏ်း

(၇) သင်္ကန္တိကဂိုဏ်း

(၈) သုတ္တဝါဒီဂိုဏ်း

(၉) ဓမ္မောတ္တိယဂိုဏ်း ၊

(၁၀) ဘဒ္ဒယာနိကဂိုဏ်း

(၁၁) ဆန္နာဂါရိကဂိုဏ်း

(၁၂) သမ္မိတိယဂိုဏ်း

သာသနာတော်နှစ် (၁၀၀)မြောက်မှ (၂၃၅) နှစ်‌မြောက် တတိသံဂါယနာကြား ပေါ်ထွန်းခဲ့သောဂိုဏ်း “မူလစေတီယအပါဝင်(၆)ဂိုဏ်းနှင့် ထေရဝါဒဂိုဏ်းအပါအဝင်(၁၂)ဂိုဏ်း” ပေါင်း(၁၈)ဖြစ်သည်။ 

            ထင်းရှားကျော်ကြားခဲ့သည့် ဂိုဏ်းများထဲတွင် “ထေရဝါဒဂိုဏ်းသည်သာ” အစင်ကြယ်ဆုံး ဓမ္မနှင့်ဝိနိယကို အလေးပြုသော ရှေးဟောင်းဖြစ်သော တရားတော်နှင့် ဝိနည်းတော်ကိုဆောင်တော်မူကြသောဂိုဏ်းဖြစ်သည်။ တစ်ချို့သော (၁၇)ဂိုဏ်းတို့မှာ ပိုလျက် လိုလျက်မပြည့်စုံဘဲ မစင်ကြယ်ဘဲရှိကြလေတော့၏။…..

##chirstonawba 22-9-2020 ,7:11 PM

အရိပ်ခိုသူများ

အရိပ်ခိုသူများ

လေးအသင်္ချေယာ သိန်းကမ္ဘာဟု
ကာလကြာရှည် အရင်းတည်ဟု
စည်ပင်ခဲ့ရ ထိုသစ်ပင်။
မေတ္တာကိုင်းခက် အေးရိပ်ဆင်။
သစ္စာအသီး အေးချိုလင်
ယောက်ျားမြတ်၏ လုပ်အားပင်။


အရိပ်ခိုဝင် သူတော်စင်ကား
အပင်ရိပ်ညို အသီးချိုကို
ထိုထိုဝေငှ သုံးဆောင်ကြ၍
ဓမ္မစက်ဝန်း ဖြစ်ပေါ်ထွန်း၏။
အရိပ်လည်းကောင်း ခိုသူကောင်းသော်
ကောင်းကျိုးစည်ပင် ဝေလေ၏။


အရိပ်ဝင်လာ သူယုတ်မာကား
ပညာမဲ့ကင်း ရန်စိတ်ပြင်း၏
ညှင်းပန်းလိုချင် ရက်စက်ချင်ကြ
ပင်စည်ကိုဖဲ့ အသီးဖဲ့၍
ငါဟဲ့မာန်မောက် ပစ်လွင့်ပေါက်သော်
ပေါက်သူလည်းရှံး မှန်သူရှုံး၍
အမုန်းအာဃာတ ရန်ငြိုးထလျှင်
အဓမ္မရပ်ဝန်း ဖြစ်ပေါ်ထွန်း၏
အညွှန်းခံရ ဆိုးစံပြ။


အရိပ်ကောင်းလျက် ခိုသူဖျက်၍
ဖျက်ဆီးတက်သည် အရိပ်များ။ ။

မောင်ရဟန်းသာသနာ့ရင်ခွင် * chirstonawba ခံစားသည်

တန်းဖိုးရှိသောဘဝကိုတည်ဆောက်ခြင်း

တန်းဖိုးရှိသောဘဝကိုတည်ဆောက်ခြင်း

“”ဒီဗလာစာရွက်နဲ့ ဒီရေသန့်ဗူး အလေးချိန်ဘယ်လောက်ကွာမယ်ထင်သလဲ””

“”အဆ နှစ်ဆယ်သုံးဆယ်လောက်ကွာမယ်ဘုရား””

စာဝါချရင်း ကိုရင်ငယ်သုံးပါးကို စကားတစ်ချို့ပြောဖြစ်ခဲ့ပါသည်။ဗလာစာရွက်တစ်ရွက်နဲ့ ရေသုံးချိုးတစ်ချိုးရှိသော ရေသန့်ဗူးတို့ကို သူတို့ရှေ့ချပြပြီး အမေးအဖြေလုပ်ပါသည်။

“”အဆနှစ်ဆယ်ပဲထားပါတော့””

“”တင်ပါ့””

သုံးလက်မအမြင့်နှင့်အကျယ်ရှိသော စာအုပ်ထပ်နှစ်ခုပေါ်စာရွက်ကိုတင်ပြသည်။တင်မရပါ။ ပျော့နွဲ့၍ ကျပါသည်။ ကိုရင်များက စိတ်ဝင်စားစွာကြည့်နေကြသည်။ မေးခွန်းမေးလိုက်သည်။ “” ဒီစာရွက်ကို အခုလို ဟိုဘက်ဒီဘက်တင်ပြီး အပေါ်ကနေ ရေသန့်ဗူး တင်မယ်ဆိုရမလား””

“”မရဘူးဘုရား””

“”ဘာဖြစ်လို့လဲ””

“”သူ့ဘာသာတောင် မတည်နိုင် ပျော့နွဲ့ပြီးကျနေလို့ဘုရား””

“”ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလား””

“”မဖြစ်နိုင်ဘူးဘုရား””

စာရွက်ကိုယူ၍ လှိုင်းတွန့်ပုံခပ်စိပ်စိပ်ချိုးပြီး စာအုပ်အထပ်နှစ်ခုပေါ်တင်လိုက်သည်။ အဆနှစ်ဆယ်ခန့် ပိုလေးသည်ဟု သတ်မှတ် ထားသောရေသန့်ဗူးကို တင်လိုက်သည်။ အောက်ကိုမကျ။တောင့်မာ၍ ရေဗူးကိုထမ်းထားသည်။ကိုရင်များကအံ့သြနေကြသည်။မေးခွန်း ထုတ်လိုက်သည်။

“”ကဲ တင်မရဘူးဆို၊အခုရပြီမဟုတ်လား””

“”တင်ပါ့၊ရတယ်ဘုရား””

“”စောစောက သူ့ဘာသာ တောင်တင်မရတဲ့စာရွက်က အခုကျဘာဖြစ်လို့ အဆနှစ်ဆယ်လေးတဲ့ရေဗူးကိုထမ်းထားနိုင်တာလဲ”” ကိုရင်လေးများ စဉ်းစားခန်းဝင်ကြသည်။ဘာဖြစ်လို့လဲ?ဘာကြောင့်လဲ?အတော်ကြာမှ ကိုရင်တစ်ပါးကဖြေသည်။ “” ”ပုံစံပြောင်းသွားလို့ဘုရား”

“”သိပ်ဟုတ်တာပေါ့၊ဒါဆို ဆက်စဉ်းစားကြည့်၊ပုံစံပြောင်းရင် ဘာဖြစ်သွားတာလဲ””

“”ပုံစံပြောင်းရင် စွမ်းရည်ပြောင်းတာဘုရား””

“”ဟာ ဟုတ်တာပေါ့၊တပည့်တော်ပြောချင်တာကလဲ အဲဒါပဲ။ ဒီစက္ကူလေးကိုပဲ ချိုးမယ်၊ခေါက်မယ်၊လုံးမယ် စတဲ့ပုံစံတွေပြောင်းလိုက်ရင် စွမ်းရည်တွေပြောင်းတယ်။စွမ်းရည်တွေပြောင်းရင် လုပ်ဆောင်ချက်တွေပြောင်းမယ်။လုပ်ဆောင်ချက်တွေပြောင်းရင် တန်ဖိုးတက်ပြောင်း မယ်။ ဒီလိုဆက်သိရမှာ”” ပြောချင်တဲ့စကားလမ်းစ ရပြီမို့ဆက်ပြီးပြောမိသည်။ “”တပည့်တော်တို့ လူတွေဟာလည်း ဒီသဘာဝပဲ။ မွေးလာ တုန်းက အားလုံးဟာ သာမန်ပုံစံချည်းပဲ။ နောက်တဖြည်းဖြည်း ကိုယ့်ဘာသာ ကိုယ်ပိုင်ပုံစံတည်ဆောက်ကြတယ်။ ပုံစံအမျိုးမျိုး၊ စွမ်းရည် အမျိုးမျိုး၊ လုပ်ဆောင် ချက် အမျိုးမျိုးနဲ့ တန်ဖိုးအမျိုးမျိုးကွဲကြတာပဲ၊ ဒီတော့ မေးကြည့်မယ်။ လူတစ်ယောက်ဟာ တန်ဖိုးမရှိပါဘူးဆိုရင် ဘာအားနည်းလို့လဲ””

“”သူတည်ဆောက်ခဲ့တဲ့ ပုံစံ အားနည်းခဲ့လို့ဘုရား””

“”သိပ်ဟုတ်တာပေါ့။ဥပမာ -ကျွန်းတုန်းကြီးတစ်တုန်းဆိုပါတော့။ခွဲခြမ်းဖြတ်ထုတ်ပြီး တစ်ချို့က ဖင်ထိုင်ခုံလုပ်မယ်၊ တစ်ချို့ကစားပွဲ၊ တစ်ချို့ကကုတင်၊တစ်ချို့က စာအုပ်စဉ်၊တစ်ချို့က ဘုရားဆင်းတု စသည်လုပ်ကြမယ်ပေါ့။ဒီမှာဖင်ထိုင်ခုံနဲ့ ဘုရားဆင်းတုတန်ဖိုးတူ မလား “

“”မတူဘူးဘုရား “”

“”ကျွန်သားအချင်းချင်းဘာလို့မတူတာလဲ””

“”အသုံးချတဲ့နေရာ၊ အသုံးပြုရတဲ့အရည်အသွေးတွေကွာလို့ဘုရား””

“”ဘာလို့အရည်အသွေးတွေ နေရာတွေကွာကြသလဲ””

“”ပုံစံမတူလို့ဘုရား””

“”ဒါဆိုရင် ပုံစံဟာ တန်ဖိုးလို့ပြောမရဘူးလား””

“”ရတယ်ဘုရား””

“”အခု အရှင်ဘုရားတို့ လူငယ်တွေဟာ ပုံစံတစ်ခုပီပြင်အောင်ထုဆစ်နေကြတဲ့အချိန်ပဲ၊အရှင်ဘုရားတို့ ပုံစံပေါ်မူတည်ပြီး အရှင်ဘုရားတို့ အသုံးဝင်မှုနဲ့ တန်ဖိုးက ကွဲသွားကြမှာ။ တန်ဖိုးကြီးတဲ့ ပုံစံဖြစ်အောင် မထုဆစ်သင့်ဘူးလား””

“”ထုဆစ်သင့်ပါတယ်ဘုရား””

“” လက်ရှိကိုယ့်အနေအထားက တန်ဖိုးမဲ့နေတယ်လို့ခံစားရရင် ဘာလုပ်ရမလဲ””

“”ပုံစံပြောင်း၊ နေရာပြောင်းရမယ်ဘုရား””

“”ပုံစံတစ်ခု တည်ဆောက်တဲ့အခါ ထုဆစ်တဲ့အခါမှာ လက်ရာကောင်းဖို့လိုသလို အနာဆာကင်းဖို့လည်းလိုတယ်။ ဘုရားဆင်းတုတော်ပဲ ဆိုပါစို့။ ထုထားတာ သပ္ပာယ်တယ်၊အချိုးစားကျတယ် ဒါပေမယ့် အက်ကြောင်းထနေမယ်ဆိုရင် တန်ကြေးကောင်းကောင်းရနိင်ပါ့မလား””

“”မရနိုင်ဘူးဘုရား””

“”အရှင်ဘုရားတို့ဘဝမှာလည်းအဲလိုပဲ ပညာတော့တော်တယ်။ အကျင့်ကမကောင်းဘူးဆိုရင် ပုံစံကောင်းပေမယ့် အက်ကြောင်းထ အနာ ပါနေမယ်ဆိုရင် ထိုက်သင့်သလောက် တန်ဖိုးမမြင့်တော့ဘူး။ မအောင်မြင်နိုင်တော့ဘူး ။ဒါကြောင့် ပုံစံကောင်းအောင်လည်း ထုရမှာဖြစ် သလို အနာဆာကင်းအောင်လည်း ကြ်ိုးစားရမှာ။ ပညာက ပုံစံကိုဖော်ဆစ်ပေးမယ်။ စိတ်နေစိတ်ထားတွေက အနာဆာ ကင်းမကင်း ကိုထင်ဟပ်ပြနေမယ်၊ နားလည်တယ်နော်””

“”တင်ပါ့၊နားလည်တယ်ဘုရား””

“”သူတစ်ပါးကို ထိခိုက်အောင်,အနှောင့် အယှက်ဖြစ် အောင်, စိတ်ဒုက္ခရောက်အောင်လုပ်တာတွေ၊ လိမ်ညာကြတာ၊ မရိုးသားကြတာ၊ စည်းကမ်း မလိုက်နာကြတာ တွေ၊ ခိုးတဲ့အကျင့်တွေ ဒါတွေဒါတွေဟာ ဘဝပုံစံမှာ ပေါ်နေမယ့် အနာဆာအက်ကြောင်းတွေပဲ။ ဒီအနာတွေ အက်ကြောင်းတွေ ပါနေရင်လည်း တန်ဖိုးကျတတ်တာမို့ သတိထားရှောင်ကြနော်””

“”တင်ပါ့ဘုရား””

“”တကယ်တော့ တန်ဖိုးရှိတဲ့ဘဝကိုတည်ဆောက်တယ်ဆိုတာ ပညာနဲ့ ကိုယ်ကျင့်သီလကို မြင့်သထက်မြင့်အောင်လုပ်တာကိုပြောတာပဲ။ ပညာမပါလို့လည်းမရဘူး။ သီလမပါလို့လည်းမရဘူး။ ဒါကြောင့် စာတွေကြိုးစားသင်ကြ။ ဖတ်ကြ။ တွေးကြ။ စည်းကမ်းတွေလိုက်နာကြ။ စိတ်နေစိတ်ထားတွေ ကောင်းအောင်ပြင်ကြ။ ဒါမှအရှင်ဘုရားတို့ကြီးလာရင် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်မှာ “”

“”တင်ပါ့ဘုရား””

မောင်ရဟန်း(သာသနာ့ရင်ခွင်) စာမူကို အရှင်သြဘာသခံစားတင်ပြသည်။

ဖြောင်း

ဖြောင်း

“ဖြောင်း ဖြောင်း “

  ကိုရင်လေးကို အရှင်ကောဝိဒ နှစ်ချက်ဆင့်ရိုက် လိုက် သည်။ကိုရင်လေးကတော့ နာလွန်းလို့မျက်ရည်တွေကျ လာသည်။”ဒီစာလေး တစ်ပုဒ်ကို ဘယ်နှခေါက်ရှိနေပြီလဲ၊အလွတ်ရဖို့ဆိုတာအဝေးကြီး။အခုထိ မှန်အောင်ကြည့် မဖတ်တတ်သေးဘူး။ စိတ်မှမပါတာ၊ တန်ဖိုးမှမသိတာ၊ အလကား၊ စားဖို့အိပ်ဖို့ ဆော့ဖို့လောက်သိတာ၊ မင်းမိဘတွေက စာတတ် စေချင်လို့မြို့ပို့ထားတာ၊ မင်းကစာထဲစိတ် မပါပါလားကွ၊ဟေ——-“

    သူ၏မောင်းမဲအပြစ်တင်သံ စွပ်စွဲသံတို့ကိုကိုရင် လေးကဘာမှမတုန့်ပြန်။ မျက်ရည်များနှင့်သာကြောင် တောင်တောင် လေးငေးကြည့် နေရှာသည်။ ခုမှသူသတိထားမိသည်။ ဘာကြောင့် သူ့မှာ ဒီလိုရက် စက်သည့်စိတ်ထားရှိနေပါသနည်း။ဘာမဟုတ်တဲ့ အပြစ် လေးအတွက် ရိုက်နှက်ကြိမ်းမောင်းရပါ သနည်း။ ဟင့်အင် အပြစ်ရောဟုတ်ရဲ့လား။ စာမဖတ်တတ်တာအပြစ်လား။ ကိုရင်လေးကိုပြန်လွှတ်လိုက် သည်။ခုံပေါ်ကို ခြေပစ်လက်ပစ်ထိုင်ချ လိုက်၏။ သူ၏ လက်များတုန်နေသည်။ အမှားတစ်ခုကို လွန်ကျူး မိသလိုခံစားရသည်။ ဘာကြောင့် ရက်စက်တဲ့အပြု အမူတစ်ခုကို သူလွန်ကျူးပါသနည်း——-.????                            

                     အိပ်ပျော်နေရာမှလန့် နိုးလာသည်။ တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများ ထနေသည်။ရင်တလှပ် လှပ်တုန်လာသည်။ နာရီကြည့်လိုက်တော့ ည ၁ နာရီ ခွဲ။ အသံက ကျောင်းအမိုးပေါ်က လာခြင်းဖြစ်၏။ ခိုတွေကို ကြောင်ကခုတ်ခြင်းကြောင့် ပေါ်လာသော အသံဖြစ်သည်။ သူစဉ်းစားမရတာကဖြောင်းလို့ ကြား တိုင်းဘာလို့ လန့်လန့်နေရပါသနည်း။ ဒီလောက်လည်းငယ်ရွယ်သူ မဟုတ်တော့။ ဒါပေသိရုတ်တရက် “ဖြောင်း”လို့ကြားတိုင်းသူလန့် နေတာ ကြာလှပြီ။ ဘာကြောင့်လဲအဖြေရှာမရ။ သွေးအား နည်းလို့လား။ နှလုံးအားနည်းလို့လား။ သူကျောင်း အောက် ဆင်းခဲ့သည်။ အပြင်မှာက လသာလို့။ လေအေးနုတွေတိုက်လို့။ ပန်းနံ့တစ်ခုမွှေးလာသည်။ ကံ့ကော်ပန်းနံ့ပဲ။ ကံ့ကော်ပင်ရှိရာသွားပြီး အပင် အောက်ကခုံပေါ်လှဲလိုက်သည်။ ကံ့ကော်ရနံ့ကိုတဝ

ကြီးရှူ ပစ်လိုက်သည်။ စိတ်တွေပင်လန်းဆန်းသွား ပါပေါ့။ စိတ်ကူးထဲမျောပါနေစဉ် တစ်စုံတစ်ရာပုံရိပ် တွေပြန်ပေါ်လာသည်။ သူရှာနေသည့်အဖြေဟု ထင်သည်။ ဟုတ်တယ်။ ရှာနေတဲ့အဖြေ အခုမှပဲ တွေ့ရတော့သည် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက——–။

                                 သူနင်းထားသော ကံ့ကော်ကိုင်းကကျိုးသွားသည်သူလည်းဘယ်လိုလုပ် အပင်ခြေရောက်သွားသည် မသိ။လူးလဲထလိုက်သည်။ သွေးပူနေဆဲမို့ ဘာမှမနာ သေး။ ခဏနေတော့ ညာဘက်လက်ကောက်ဝတ်က နာလာသည်။ နာသည်ထက်နာလာတော့ သူတောင့် မခံနိုင်။ မျက်ရည်များ တတွေတွေစီးကျလာသည်။ အဲဒီတုန်းကသူ့အသက် ၁၀ နှစ်အရွယ်။ ကိုရင်ဝတ်စ။ရွာကျောင်းမှာ ကိုရင် ၃၀ ကျောင်းသား၅၀ လောက် ရှိသည်။ မနေ့ညက ကိုရင်ကြီးတေဇက မနက်ကို ကံ့ကော်ပန်းတက်ခူး ပေးရင် မုန့်ဖိုး ၂၀ ပေးမည်ဟု ဆိုသည်။ဒါနဲ့ မုန့်ဖိုးလိုချ င်၍ ဒီနေ့မနက်သူနှင့် ကိုရင်တစ်ပါးတက်ခူးရာ သူ လိမ့်ကျ ခြင်းဖြစ်၏။ လက်ကောက်ဝတ်ရိုး အက်သွားသည်။ ရရာသင်္ကန်းစုတ်နှင့် စည်းထားလိုက်၏။ ဒီမျှနှင့်မပြီးသေးပါ။ခဏနေတော့ ဘယ်သူက ဘုန်းကြီးသွား လျှောက်သည် မသိ။ ခေါင်းလောင်းခေါက်၍ ကိုရင်ကျောင်းသား အကုန် ခေါ်၏။ သူတို့ ရွာကျောင်းဓလေ့မှာ တစ်ယောက် ယောက်ကို အပြစ်ပေးတော့မည်ဆိုပါက အားလုံးကိုခေါ်၍ အားလုံးရှေ့ အပြစ်ပေးခြင်းဖြစ်၏။ ဒါမှ ကျန်တဲ့ သူတွေရှောင်မှာ ဟုဆိုသည်။ ကိုရင်ကျောင်းသား အားလုံးစုံတော့ ဘုန်းကြီးက စစ်ဆေးပါပြီ။

       “ခဏနေက ကံ့ကော်ပင်ပေါ် တက်ဆော့တာ     ဘယ်သူလဲ”

မာထန်ထန်ထွက်လာသော ဘုန်းကြီးအသံအဆုံး၌ တုန်တုန်ရီရီ သူထရပ်လိုက်သည်။ လက်က တစက် စက်နာ နေတုန်း။သူငိုသံပါနှင့် လျှောက်မိသည်။

           “တပည့်တော်ကောဝိဒပါဘုရား”

          “မင်းကဘာလို့တက်ဆော့တာလဲ”

စကားများထစ်အ ထစ်အဖြင့်ပြန် လျှောက်မိသည်။

“တပည့်တော် — တပည့်တော် ဆော့ ဆော့

တာမဟုတ်ဘူး ………. မဟုတ်ဘူးဘုရား”

ဘုန်းကြီးအသံက ဟိန်းထွက်လာသည်။

” ဘာ! ဆော့တာမဟုတ်ရင် ဘာလုပ်တာလဲ”

“ကိုရင်ကြီး ကိုရင်ကြီးတေဇက ပန်းခူးပေးရင် မုန့်ဖိုးပေးမယ်ဆိုလို့တက်ခူးတာဘုရား”

“အော်— တေဇက ချီးစားခိုင်းရင်ရော

မင်းကစားမလား”

“မစား မစားဘူးဘုရား”

“လာစမ်း! ချီးတော့မစားဘူး ပန်းတော့ခူး

မယ်ဆိုတဲ့အကောင်”

“ဖြောင်း ဖြောင်း ဖြောင်း——————-“

     ကြိမ်လုံးရိုက်ချက်များသူ့ အပေါ်မိုးရွာသလိုကျ လာသည်။ လေးငါးဆယ်ချက်ထက်မနည်း။ နာလွန်း လို့တဆတ်ဆတ် တုန်နေသည်။ လက်နဲ့လည်း မပွတ်နိုင်။ ရိုက်တာရပ်တော့မှ ဘုန်းကြီးရှေ့ကလှည့် ထွက်ခဲ့သည်။ တင်းပါးက စပ်ပူစပ်လောင်နာနေ၏။ လက်က တဆစ်ဆစ်ကိုက်နေ၏။ မျက်ရည်များ မထိန်းနိုင်ပါ။နာလို့လည်းကျရသည်။ ရှက်လို့လည်း ကျ ရပါသည်။ ထိုနေ့က အတွေ့အကြုံ သည်သေရာ ပါမည့် အတွေ့ကြုံြဖစ်လေ၏။ ဤမျှသာမဟုတ်ချေ။ နောက်ရက်များမှာလည်း ဆွမ်းအိုးလွတ်ကျလို့ရိုက် ခံရ၊ခွေးကိုက်တဲ့အိမ်မို့ ဆွမ်းအိုးမတောင်းလည်းရိုက် ခံရ၊ စာမဖတ်တတ်လို့လည်းရိုက်ခံရ၊အနိုင်ကျယ်

တဲ့သူကို ပြန်လုပ်လို့လည်းရိုက်ခံရနှင့်ဘယ်လောက် ရိုက်ခံခဲ့ရသည်ကိုပင် မမှတ်မိတော့ပါ။ ထိုရိုက်ချက် တို့သည် သူ၏စိတ်ကိုခက်ထန်အောင် ကြမ်းတမ်း အောင် ရက်စက်အောင် ပုံသွင်းခဲ့လေသည်။

          ရင်ထဲမှ သန္နိဋ္ဌာန်ချ သံကျယ်လောင်စွာထွက်လာသည်။ သူဘာကြောင့် ရက်စက်တတ်သောစိတ်ထားတွေ ပေါ်ပေါ်နေတတ်၊ “ဖြောင်း”အသံကြားတိုင်း လန့်လန့်နေသည်ကို ကံ့ကော်ပင် အောက်မှာ ပြန်ခြေရာခံမိပြီ။ နောင်ဘယ်တော့မှ ဘာအတွက်မှ ကလေးတွေကိုရင်တွေက်ို မရိုက်တော့ ဟုသန္နိဋ္ဌာန်ချလိုက်၏။ ဤနာကျင်ရ သည့်ဒဏ်ရာများ သူတို့မရစေချင်ပါ။ ဒီမှာပဲ အဆုံးသတ်ပါစေတော့။

“ဖြောင်း ဖြောင်း

 ”ဖြောင်း ဖြောင်း”

တပည့်တို့၏အောင်မြင်မှုကို ဝမ်းသာအားရ လက်ခုပ်တီးအားပေးရပါဦးမည်။

မောင်ရဟန်း(သာသနာ့ရင်ခွင်) chirstonawba တင်ပြသည်။

Design a site like this with WordPress.com
Get started